၁၃.၃.၂၀၂၄
Written by Thinzar
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ဝယ်ဝင်ကရာကျေးရွာအနီးတွင် အဖွားဖြစ်သူနှင့်ကလေးငယ်တို့ လမ်းဖြတ်ကူးချိန် ထင်းကားကြိတ်မိ၍ ကလေးငယ်ဖြစ်သူမှာ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၁၃ ရက် နံနက် ၇ နာရီခွဲအချိန်တွင် သံဖြူဇရပ် – ရေး၊ အဝေးပြေးလမ်းမကြီးပေါ်၊ ဝယ်ဝင်ကရာကျေးရွာအနီးတွင် ယာဥ်မတော်တဆမှုဖြစ်ပွားကြောင်း စေတနာရှင်လူမှုကူညီရေးအသင်းသို့ ပြည်သူများမှ ဖုန်းဆက်အကူအညီတောင်းသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“အဖွားက ကလေးငယ်ကိုချီပြီးကူးတာ။ ကားတိုက်တော့ ချီထားတဲ့ကလေးက လွင့်စင်ပြီး ကားအောက်ထဲရောက်သွားတာဖြစ်မယ်။ ကလေးကတော့ ကြိတ်ခံရလို့သေသွားတယ်။ ခု ထင်းကားမောင်းတဲ့သူကိုတော့ ဖမ်းထားတယ်” လို့ အနီးအနားရှိ မျက်မြင်ပြည်သူတစ်ဦးက ဆိုသည်။
ထိုထင်းကားကြိတ်မိသည့် အသက်( ၄) နှစ်ဝန်းကျင်ကလေးငယ်မှာ အခင်းနေရာတွင် ကားကြိတ်မိ၍ သေဆုံးပြီး၊ အဖွားဖြစ်သူမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စေတနာရှင်လူမှုကူညီရေးအသင်း