October 30, 2024

၇.၁၂.၂၀၂၂

Written by Nay Aung

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံကို အစားအစာ၊ ငါးနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တိုးမြှင့် ထောက်ပံ့ပေးသွားရန် အဆင့်သင့်ရှိနေကြောင်း ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီး မက်ဆင် ရီရှီနီကော့ဗ်က ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ရုရှားအခြေစိုက် Tass သတင်းဌာနတွင်ဖော်ပြထားသည်။

” ကျွန်တော်တို့ဟာ အစားအစာ၊ စိုက်ပျိုးရေးပစ္စည်းများအပြင် ငါးနဲ့ပတ်သက်တဲ့ ထွက်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးသွားဖို့ အဆင့်သင့်ရှိနေတယ်။ ဒါ့အပြင် ရုရှား ဓာတ်မြေသြဇာထုတ်လုပ်သူတွေဟာ မြန်မာမိတ်ဖက်တွေရဲ့တောင်းဆိုချက်အရ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ အတူ လုပ်ကိုင်ဖို့ အဆင့်သင့်ရှိနေတယ်။ စားနပ်ရိက္ခာဖူလုံရေးနဲ့ အစားစာလုံခြုံရေးတို့ဟာ ပြည်သူများရဲ့ကျန်းမာရေးအတွက် အရေးကြီးဆုံးဖြစ်တယ်။ ရုရှားနိုင်ငံဟာ ကမ္ဘာ့အစားစာ စျေးကွက်မှာ တာဝန်ရှိမှုအပြည့်နဲ့ ပါ၀င်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ရုရှားဟာ ကမ္ဘာအစားအစာစျေးကွက်မှာ ပို့ကုန်စာချုပ်ပါတာဝန်များအတိုင်း အပြည့်အဝလိုက်နာဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ ရုရှားနိုင်ငံဟာ ကမ္ဘာတစ်ဝန်းကို ဂျုံ၊ နေကြာဆီ၊ ပြောင်းဖူးနဲ့ ဓာတ်မြေသြဇာတွေ တင်ပို့ထောက်ပံ့ပေးနေပါတယ် ” ဟု ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးက ဆိုသည်။

ရုရှားနှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် တိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း အပြန်အလှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄၃၁ ဒသမ ၆သန်းရှိခဲ့ကြောင်းသိရသည်။ ရုရှားနိုင်ငံသည် ပြီးခဲသည့် နှစ်အတွင်း မြန်မာနိုင်ငံသို့အမေရိကန်ဒေါ်လာ ၂၈၄ ဒသမ ၃သန်းတင်ပို့ခဲ့ကြောင်း ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးဌာန၏ စာရင်းအင်းအချက်လက်များအရသိရသည်။

ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၀န်ကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး SAC အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကုန်သွယ် ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ရေးတို့အတွက်ဆွေးနွေးခဲ့ကာ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာများလည်း လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

Ref, Tass

Leave a Reply

Your email address will not be published. Required fields are marked *