October 20, 2024

၁၂. ၃. ၂၀၂၄
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံတွင် တက်ကြွလှုပ်ရှားသူ ၅၀ ဦးခန့်၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ကျွမ်းကျင်သူများပါဝင်သော မဟာမိတ်အုပ်စုတစ်ခုက ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့သော အင်ဒိုနီးရှားနိုင်ငံ၏ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု သံသယရှိရမှုများက နိုင်ငံ၏ဒီမိုကရေစီစနစ်ကို ဆုတ်ယုတ်လျော့ပါးစေကာ အကယ်၍စုံစမ်းစစ်ဆေးမှုတစ်ရပ်မဆောင်ရွက်ခဲ့လျှင် လာမည့် အစိုးရသစ်နှင့် အောက်လွှတ်တော်အဖွဲ့ဝင်များအပေါ် ပြည်သူတို့၏ ယုံကြည်အားထားမှုကိုလည်း ပျက်ပြားစေနိုင်ကြောင်း ပြောကြားခဲ့ကြသည်။

မဲမသမာမှုများရှိသည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အောက်လွှတ်တော်အမတ်များပါဝင်သော စုံစမ်းမှု တစ်ရပ်ပြုလုပ်ရေးအတွက် နိုင်ငံရေးပါတီများက ၎င်းတို့၏ အခွင့်အရေးကိုကျင့်သုံးကာ ဖိအားပေးတိုက်တွန်းသွားကြရန် အရပ်ဖက်အဖွဲ့များက တိုက်တွန်းခဲ့ကြသည်။

ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဆိုသောစွပ်စွဲချက်များအပေါ် အောက်လွှတ်တော်က စုံစမ်းစစ်ဆေးပေးရန် ဆန္ဒပြသမားအချို့က အောက်လွှတ်တော်အဆောက်အအုံအပြင်ဘက်တွင် မတ်လ ၃ ရက်၌ ၎င်းတို့၏တောင်းဆိုမှုအားလိုက်လျောရန်အတွက် အောက်လွှတ်တော်အပြင်ဘက်တွင် စုဝေးကာ တာယာများကို မီးရှို့ဆန္ဒပြခဲ့ကြသည်။

အဆိုပါမဟာမိတ်အုပ်စုက သမ္မတနေရာအတွက် ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သူဟု ယူဆကြသော ပရာဗိုဝို ဆူဘီယန်တို၏ ပြိုင်ဘက်များကိုထောက်ခံကြသည့် နိုင်ငံရေးပါတီငါးခုသို့ မတ်လ ၉ ရက်တွင် စာများပေးပို့ခဲ့ကြသည်။ ထိုစာများက ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲ၌ မဲမသမာမှုများ ရှိခဲ့သည်ဆိုခြင်းအပေါ် အောက်လွှတ်တော်က စုံစမ်းစစ်ဆေးရန်လည်း တောင်းဆိုထားသည်။

အဆိုပါစာတွင် စွပ်စွဲမှုများနှင့်ပတ်သက်၍ အသေးစိတ်မဖော်ပြခဲ့သော်လည်း ကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက သမ္မတ ဂျိုကို ဝီဒိုဒို ၏အစိုးရက အစိုးရ၏ အရင်းအမြစ်၊ လုပ်ပိုင်ခွင့်များကို အသုံးချကာ ရွေးကောက်ပွဲတွင် ပရာဗိုဝိုနှင့် ဒုတိယသမ္မတနေရာအတွက် အရွေးခံသူ သမ္မတ ဂျိုကို ဝီဒိုဒို၏ အကြီးဆုံးသားဖြစ်သူ ဂီဘရန် ရာကာဘူမိုင်း ရာကာတို့ အကျိုးအမြတ်ရရှိစေရေး ဆောင်ရွက်ပေးခဲ့ကြသည်ဟု မဲဆွယ်ပွဲပြုလုပ်ကတည်းကပင် စွပ်စွဲလျက်ရှိကြသည်။

ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့်နောက်ပိုင်းနှင့် မဲစာရင်းဇယားများ ကြေညာမှုပြုနေသည့်လုပ်ငန်းစဉ်ကာလတစ်လျှောက်တွင် လူမှုကွန်ရက်များနှင့် ပရာဗိုဝို၏ပြိုင်ဘက်များ၏ စခန်းများတွင် ပိုစတာများက မဲဆန္ဒရှင်များအားခြိမ်းခြောက်မှုများနှင့် ပရာဗိုဝိုအတွက် မဲစာရင်းဇယားများဖောင်းပွမှုတို့ကို သက်သေတွေ့ရှိနေရကြောင်း ဖော်ပြခဲ့ကြသည်။ နောက်ဆုံးတွင်မူ ပရာဗိုဝိုထံ ဖုန်း ဆက်ကာ အောက်လွှတ်တော်၏စုံစမ်းစစ်ဆေးမှုခံယူရန်တောင်းဆိုလာကြခြင်းဖြစ်သည်။

PDI-P ပါတီက အခြားသောနိုင်ငံရေးပါတီနှစ်ခုတို့နှင့်အတူအောက်လွှတ်တော်အလှည့်ကျအစည်းအဝေး တစ်ရပ်တွင် မဲမသမာမှုများရှိမရှိ စုံစမ်းစစ်ဆေးရန် မတ်လ ၉ ရက်က တောင်းဆိုခဲ့ကြသည်။ သို့သော် နိုင်ငံရေးပါတီများအနေဖြင့် ဤကိစ္စအတွက်ဆွေးနွေးမှုများမပြုလုပ်ကြသေးပေ။ PDI-P ပါတီ ဥက္ကဌ ဂန်ဂျာ ပရာနိုဝို က “ ဒီကိစ္စက အဆင်ပြေပြေ၊ချောချောမွေ့မွေ့နဲ့ဖြေရှင်းနိုင်လိမ့်မယ်လို့မထင်ဘူး။ ဘာ ကြောင့်လဲဆိုတော့ တချို့ပါတီတွေက စုံစမ်းစစ်ဆေးမှုကို ဆန့်ကျင်နေကြလို့ပဲ။ ဒါက နိုင်ငံရေးအားပြိုင်မှုတစ်ရပ်လို့လည်းဆိုရမှာပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ထားပါတယ်”ဟု မတ်လ ၉ ရက်တွင် ပြောခဲ့သည်။

Ref- Jakarta Post

Leave a Reply

Your email address will not be published. Required fields are marked *