October 30, 2024

ကမ္ဘာ့အမွေအနှစ် ပျုမြို့ဟောင်းတစ်နေရာကို တွေ့ရစဥ်

MT News

Written by Ye Kyaw

ယခုပွင့်လင်းရာသီမှစတင်ကာ ခရီးသွားလုပ်ငန်းများ ပုံမှန်လည်ပတ်လာပြီဖြစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများကို အဓိကရည်မှန်းဈေးကွက်အဖြစ် ကနဦးဆောင်ရွက်သွားရန် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးရန် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလည်ပတ်သည့် အချိန်မှစ၍ ပြန်လည်ထွက်ခွာသည့် အချိန်အထိ ခရီးသွားဧည့်သည်များ ဝင်ထွက်မှု လွယ်ကူစေရေး၊ တည်းခို၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးတို့အတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ ခရီးစဥ်ဒေသများတွင် ခရီးသွားဧည်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဒေသခံတို့၏ လူမှုဘဝစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ဖြစ်စေသည့်အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိတွင် မြန်မာ-ရုရှား နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်စေရေး၊ ရုရှားခရီးသွားများကို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ရုရှားနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းဝေးသော်လည်း လေကြောင်းလိုင်းများ ပြေးဆွဲပျံသန်းနိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် များစွာအထောက်အပံ့ဖြစ်နိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က နိုဝင်ဘာ ၁၈ တွင် ပြုလုပ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားခဲ့သော နိုင်ငံ့ဝန်ထမ်းများနှင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဒုတိယအကြိမ်တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ် ကာလများတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော်ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ခရီးသွားဝင်ရောက်မှုများ ကျဆင်းလာခဲ့ပြီး ပြည်တွင်းခရီးသွားနှင့်ဆက်စပ်သည့် လုပ်ငန်းများအနေဖြင့်လည်း ရှင်သန်ရန်အခက်အခဲများကြုံတွေ့ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *