October 20, 2024

၁၂. ၃. ၂၀၂၄
Written by Pan Ei

ဝါရှင်တန်ဒီစီ အခြေစိုက် ဘက်မလိုက်တဲ့ အမေရိကန်တွေးခေါ်ပညာရှင်အဖွဲ့ဖြစ်ပြီး ကမ္ဘာကြီးကို ပုံဖော်နေတဲ့ ပြဿနာတွေ၊ သဘောထားတွေနဲ့ ခေတ်ရေစီးကြောင်းတွေအကြောင်း အများပြည်သူကို အသိပေးနေတဲ့ ဝါရှင်တန်အခြေစိုက် Pew သုတေသနစင်တာက ပြီးခဲ့တဲ့ အပတ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၁၉၈ နိုင်ငံကို လေ့လာမှုခဲ့မှုစစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်တွေက လျော့နည်းလာနေတယ်ဆိုတာ ပြသခဲ့ပါတယ်။

အစိုးရကန့်သတ်ချက်ညွှန်းကိန်း (GR) နဲ့ လူမှုရေးရန်လိုမှုတွေအတွက်အညွှန်းကိန်း (SHI) လို့ခေါ်တဲ့ အညွှန်းကိန်းနှစ်ခုနဲ့ တိုင်းတာတဲ့ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့နောက်ဆုံးအချက်အလက်တွေအရ နိုင်ငံဟာ ရမှတ် ၇ ဒသမ ၇ နဲ့ ၂ ဒသမ ၇ မှတ် အသီးသီးရှိကြောင်း ပြသခဲ့ပါတယ်။

နှိုင်းယှဉ်ချက်အရ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံက GR နဲ့ SHI တို့မှာ ၇ ဒသမ ၈ မှတ်၊ ၃ ဒသမ ၁ မှတ်တို့ အသီးသီးရရှိခဲ့သလို စစ်တမ်းတွေ စတင်ထုတ်ပြန်တဲ့နှစ်ဖြစ်တဲ့ ၂၀၀၇ ခုနှစ်မှာတော့ (၇ ဒသမ ၉ နဲ့ ၄ ဒသမ ၉) အထိ ရှိခဲ့ကာ သိသိသာသာ မြင့်မားခဲ့တဲ့ရမှတ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဘာသာရေး ကန့်သတ်ချက်အညွှန်းကိန်းတွေက တစ်နည်းပြီး တစ်နှစ် လျော့နည်းလာတာကိုတော့ တွေ့ရပါတယ်။

ပိုမိုမြင့်မားတဲ့ရမှတ်ဟာ ပိုမိုမြင့်မားတဲ့ကန့်သတ်ချက်ကို ညွှန်ပြနေတာလည်းဖြစ်ပါတယ်။

ဘယ်လိုပဲဆိုဆို လက်ရှိ GRI ရမှတ်ကတော့ မြန်မာနိုင်ငံရှိ ဘာသာရေးအပေါ် အစိုးရရဲ့ကန့်သတ်ချက်တွေက “အလွန်မြင့်မားနေတယ်ဆိုတဲ့အဆင့်” မှာ ဆက်လက်တည်ရှိနေကြောင်း ပြသခဲ့ပြီး အာရှပစိဖိတ်ဒေသမှာတော့ GRI ရမှတ်တွေထဲ မြန်မာထက် ရမှတ်ပိုများပြီး ကန့်သတ်ချက်ပိုများတဲ့ နိုင်ငံတွေက အာဖဂန်နစ္စတန်၊ တရုတ်၊ အီရန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ဖြစ်ကြပါတယ်။

အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေထဲမှာတော့ အိမ်နီးချင်း မလေးရှားက မြန်မာနိုင်ငံနဲ့ ရမှတ်တူညီပြီး အင်ဒိုနီးရှားက ရမှတ် ၇ ဒသမ ၄၊ သူ့နောက်မှာ စင်ကာပူက ၆ ဒသမ ၉၊ ဘရူနိုင်းက ၆ ဒသမ ၅၊ နဲ့ ထိုင်းက ၅ ဒသမ ၁ တို့ဖြစ်ကြပါတယ်။

 

SHI အတွက်ကတော့ မြန်မာနိုင်ငံက ရမှတ် ၁ ဒသမ ၅ ကနေ ၃ ဒသမ ၅ အထိရှိတဲ့ “အလယ်အလတ်အုပ်စု” ထဲမှာ ပါဝင်နေပါတယ်။

ဘာသာရေးယုံကြည်ချက်တွေနဲ့ အလေ့အကျင့်တွေကို ကန့်သတ်ဖို့ အစိုးရတွေက ကြိုးပမ်းမှုတွေအပါအဝင် ဘာသာရေးယုံကြည်ချက်တွေနဲ့ အလေ့အကျင့်တွေကို ကန့်သတ်တဲ့ အစိုးရဥပဒေတွေ၊ မူဝါဒတွေနဲ့ လုပ်ဆောင်ချက်တွေကို တိုင်းတာထားတယ်လို့ Pew က ဖော်ပြထားပါတယ်။

ဒါ့အပြင် SHI ကတော့ ဘာသာရေးနဲ့ဆိုင်တဲ့ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် အကြမ်းဖက်ဝါဒ၊ လူအုပ်စုနဲ့ ဂိုဏ်းဂဏပုံစံအကြမ်းဖက်မှု၊ ဘာသာရေးအကြောင်းပြပြီး ၀တ်စားဆင်ယင်မှုနဲ့ အခြားဘာသာရေးဆိုင်ရာ ခြိမ်းခြောက်မှု၊ အလွဲသုံးစားပြုမှုစတဲ့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဆိုင်ရာ ရန်လိုတဲ့လုပ်ရပ်တွေကို တိုင်းတာထားတယ်လို့ သိရပါတယ်။

အီဂျစ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ နိုင်ဂျီးရီးယားတို့က ၂၀၂၁ ခုနှစ်အတွင်း GR ရော SHI ရော နှစ်ဖက်လုံးမှာ ကန့်သတ်မှုအမြင့်ဆုံးအဆင့်တွေ ရရှိထားပြီး ဂျပန်၊ အမေရိကန်၊ တောင်အာဖရိက၊ အီတလီနဲ့ ဘရာဇီးတို့က နှစ်ဖက်စလုံးက ဘာသာရေးကန့်သတ်မှုအနိမ့်ဆုံးအဆင့်တွေမှာ ရှိနေပါတယ်။

Ref; Pew Research Center

Leave a Reply

Your email address will not be published. Required fields are marked *