October 20, 2024

၁၂. ၃. ၂၀၂၄
Written By Thandar

မလေးလက်ခတ်သံ ၊ သံသရာခရီးသည် ၊ ပန်းလိုမွှေးပါစေ စတဲ့တေးသီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ နိုင်ငံ ကျော် ဂန္တဝင်တေးသံရှင် ဒေါ်ရီရီခင် ဂုဏ်ပြုပွဲကို ယနေ့ မတ်လ ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် M3 Restaurant မှာ ကျင်းပခဲ့ရာ မြန်မာသံတေးသံရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

“အမေ့ကို အခုလို ဂုဏ်ပြုပွဲလေး လုပ်ပေးတဲ့အတွက် အတိုင်းအထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုသလိုပဲ ခံစားမှုတွေက အရမ်းကို ပီတိဖြစ်ရပါတယ်။ မျက်စိအထူးကု ဆရာမကြီး နီလာသိန်းက အမေ့ကို ဆေးကုသပေးရင်နဲ့ စောင့်ရှောက်ပေးတာပါ။ အမေ့မှာ ဝမ်းလည်းသာတယ်။ စိတ်ချမ်းသာပါတယ်။ အမေက ဂီတနဲ့ကြီးပြင်းလာတာမို့ အရင်တုန်းက သီချင်းဆိုရတော့ နောက်ထပ်အသက်တွေ ပိုရှည်လာမယ်ထင်ပါတယ်။ ဂီတသံတွေကြားနေရရင် ပိုပြီး အသက်ရှည်တယ်လို့ပြောလို့ရပါတယ်” လို့ နိုင်ငံကျော် ဂန္တဝင်တေးသံရှင် ဒေါ်ရီရီခင်က MT Entertainment ကိုပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ အနုပညာရှင်အကယ်ဒမီ ဆွေဇင်ထိုက် ၊ အန်တီထား ၊ အေဝမ်းတင်တင်လှ ၊ မေသက်ထားဆွေ ၊ သန်းမြတ်စိုး ၊ နန်းကျော့ကလျာ ၊ စန္ဒရားပညာရှင်ငွေစိုး စတဲ့သူတွေ တက်ရောက်ခဲ့ကြပြီး တေးသံရှင်တချို့က တေးသီချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။ မနက်ဖြန် မတ်လ ၁‌၃ ရက်မှာ ကျရောက်မယ့် တေးသံရှင် ရီရီခင်ရဲ့ အသက် ၇၅ နှစ်ပြည့် မွေးနေ့ အမှတ်တရအနေနဲ့ မွေးနေ့ကိတ်လည်း ခွဲခဲ့ကြပါတယ်။

 

တေးသံရှင်ဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက ဂီတမှူးဆရာကြီးဘိုခင်ရဲ့ တေးသီချင်းတွေနဲ့ ဂီတင်စင်မြင့်ပေါ်ကို ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ တေးရေး ဦးဘိုခင်ရေးသားတဲ့ “ဘဝလက္ခဏာ” တေးသီချင်းနဲ့ ပထမဦးဆုံး အသံသွင်းထုတ်လွှင့်ခဲ့ပြီး ဓာတ်ပြားကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော်ကြီး ဦးဇော်ဝမ်းနဲ့အတူ ပင်တိုင်အဆို တော်အနေနဲ့ သီဆိုခဲ့ပြီးတော့ တဟုန်ထိုးအောင်မြင်လာခဲ့ပါတယ်။ တေးစီးရီးပေါင်း ၁၀၀ ကျော် ၊ ရုပ်မြင်သံကြားကနေ သီချင်း အပုဒ်ရေ ၁၀၀ ကျော် ရိုက်ကူးသီဆိုခဲ့ပါတယ်။

ထင်ရှားကျော်ကြားတဲ့ တေးသီချင်းတွေကတော့ အသိအလိမ္မာ ၊ ရွှေမိုး‌ငွေမိုး ၊ ပြောလိုက်ပါ စန္ဒာ ၊ မလေးလက်ခတ်သံ ၊ မလေးလက်ရာ ၊ ပန်းလိုမွှေးပါစေ ၊ အိပ်မက်လှလှမက်ပါစေ ၊ ဂီတစွမ်းအား ၊ သံသရာခရီးသည် ၊ တက္ကသိုလ်နန်း ၊ စာဆိုနဲ့ခွာညို ၊ သဘောကောင်းတဲ့ ကိုဝလုံး ၊ ရွှေညာမြေ ၊ ရင်မှဖြစ်သော မေတ္တာရှင် စတဲ့ သီချင်းတွေကတော့ ပရိသတ်ရင်ထဲရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ နိုင်ငံတော်က ရွေးချယ်တာဝန်ပေးချက်အရ မလေးရှားနဲ့ စင်ကာပူနိုင်ငံကို ယဉ်ကျေးမှုချစ်ကြည်ရေးအဖြစ်လည်း လိုက်ပါ ဖျော်ဖြေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *