October 30, 2024

MT News

Written by Min Mahar

ဆိုင်ကယ်စီးလာသူကို နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ရာ ပါးနှစ်ဖက်ထုတ်ချင်းဖောက်ဒဏ်ရာနှင့် ပခုံးသေနတ်ထိမှန်မှု မန္တလေးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ယနေ့နံနက် ၇ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေးအမြန်ကားလမ်း၊ ၁၄ ပေ တံတားအနီးတွင် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နေအိမ်မှ တံခွန်တိုင်စျေးသို့ လက်ဖက်ရည်သောက်ရန် ရတနာပုံလမ်းအတိုင်း တောင်မှမြောက်သို့ ဆိုင်ကလုန်းဆိုင်ကယ်အနက်ရောင်ဖြင့် တစ်ယောက်တည်း မောင်းနှင်လာစဥ် ၁၄ ပေတံတား မြေလမ်းအတက် အမြန်လမ်းပေါ်မရောက်မီ အမည်မသိအမျိုးသား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့်အနားသို့ ကပ်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

“မနက်က အိမ်ကနေ လက်ဖက်ရည်သောက်မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာ ပြန်မလာနဲ့မျှော်နေတာ။ နေ့လည်လောက်မှ သိတာ။ သေနတ်နဲ့ပစ်ခံရတယ်ဆိုတာ။ မန္တလေးဆေးရုံကြီးကို ရောက်နေတယ်ဆိုလို့ လိုက်သွားကြတာ။ ကံကောင်းလို့အသက်မသေတာ” ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဝဲဘက်ပါးမှ ဖောက်ဝင်ကာ ယာဘက်ပါးသို့ဖောက်ထွက်သွားသည့် ဒဏ်ရာ(၁) ချက်နှင့် ဝဲဘက်ပခုံးဖောက်ဝင်ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး ကရုဏာရှင်လူမှုကူညီရေးယာဥ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် အမရပူရမြို့နယ်၊ တောင်သမန်ရွာတွင်နေထိုင်ပြီး တောင်သူလုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ကြောင်း သိရသော်လည်း လက်ရှိပစ်ခတ်မှုကိုမူ မည်သူများက မည်သည့်အတွက်ကြောင့်ပစ်ခတ်သွားကြသည်ကိုမူ မသိရှိရသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *