October 20, 2024

MT News
၁၂. ၃. ၂၀၂၄

ဖားကန့်မြို့နယ်၊ မနမှော် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုမှာ ဒီနေ့ မတ်လ ၁၂ ရက် နံနက် ၄ နာရီကျော်က နွံကန် ကျိုး‌ပေါက်ခဲ့လို့ ဘက်ဟိုးတွေ၊ စက်ယန္တရားတွေနဲ့အတူ လူ၂၀ ကျော် နစ်မြုပ်ပျောက်ဆုံးနေတယ်လို့ ကနဦးသိရပါတယ်။

“ကချင်ပြည်နယ် ဖားကန့်မြို့အနီး မနမှော်မှာ ဒီနေ့မနက် ၄ နာရီကျော်က လုပ်ကွက်ဟောင်း နွံကန်ပွင့်ကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နွံကန်ပွင့်ကျခဲ့မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၂၃ ဦးထက်မနည်း သေဆုံးနိုင်ကြောင်းနဲ့ တူးဖော်ရေးလုပ်ငန်းသုံး မြေသယ်ယဉ်(၉)စီး၊ ဘက်ဟိုး (၇) စီးခန့် နွံမြုပ်သွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်” လို့ Zaw Moe Htet အကောင့်အမည်နဲ့ လူသိများတဲ့ဒေသခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေဟာ မြေကို စက်ယန္တရားနဲ့တူးဖော် ကျောက်စိမ်းရှာ​ဖွေပြီး​ စွန့်ပစ်မြေစာတွေ စုပုံထားရာက နွံကန်ဖြစ်လာပြီး မိုးတွင်းကာလ ရေဝင်အပြီးမှာ ကြီးမားတဲ့ နွံရေကန်ကြီးတွေဖြစ်လာတာပါ။ ဒီလိုမျိုး နွံကန်တွေဘေးမှာလည်း ကြံ့ခိုင်မှုမကောင်းတဲ့ တူးဖော်လက်စ လုပ်ငန်းခွင်တွေနဲ့ မြေသားတွေပဲရှိနေတာကြောင့် ဒီလိုနွံအိုင်တွေဖြစ်ပေါ်ရတာဖြစ်ပြီး ဖားကန့်ဟာ နွံကန်ကျိုးပေါင်မှုကြောင့် လူသေဆုံးမှုလည်း နှစ်စဉ်ဖြစ်ပွားတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ကနဦးဖြစ်စဥ်မှာ လူ ၄ ဦးကယ်ဆယ်ထားနိုင်ပြီး တစ်ဦးပဲအလောင်းပြန်ရထားသလို ကျန်တဲ့လူ ၂၀ ကျော်ကတော့ ရှာဖွေနေပေမဲ့ ပြိုကျတဲ့နွံကန်ရဲ့အခြေအနေကြောင့် သေသေချာချာမရှာဖွေနိုင်တာ၊ အချိန်ခြားသွားပြီမို့လို့ သေဆုံးကုန်ကြဖွယ်ရှိနေတာလို့လည်း ကနဦးသိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး MT News သတင်းဌာနက ကချင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေထံ ဆက်သွယ်မေးမြန်းထားပြီး ထပ်မံသိရှိရတာကို ဆက်လက်ဖော်ပြပေးပါ့မယ်။

ပုံစာ။ ဖားကန့်ရှိနွံကန်ကြီးများမြင်ကွင်းပုံဟောင်း (Photo – Zaw Moe Htet & CJ)

Leave a Reply

Your email address will not be published. Required fields are marked *