
MT News Editorial
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ကျပ် ၄၈၀၀ ကို ယခင်အစိုးရဟောင်းလက်ထက် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်က သတ်မှတ်ခဲ့မှုမှာ လေးနှစ်ကျော်ကြာမြင်ခဲ့ပြီဖြစ်ပေသည်။
ပထမအကြိမ် သတ်မှတ်ချိန်မှာ ကျပ် ၃၆၀၀ ဖြစ်ပြီး ဒုတိယအကြိမ် သတ်မှတ်မှုမှာ ကျပ် ၄၈၀၀ ဖြစ်ကာ နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ရမည်ဖြစ်၍ အမှန်တကယ်ဆိုပါက လက်ရှိအချိန်သည် စတုတ္ထအကြိမ်အထိ သတ်မှတ်ချက်ရှိလာနေရမည်ဖြစ်သော်လည်း လက်တွေ့တွင်မူ တတိယအကြိမ်အတွက်ပင် ပြင်ဆင်သတ်မှတ်နိုင်မှုမရှိသေးချေ။
မည်သည့်အတွက်ကြောင့် သတ်မှတ်ပြင်ဆင်နိုင်မှုမရှိသည်ဟု ဆိုလျှင်မှု ကိုဗစ်အကျပ်အတည်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တတိယအကြိမ်အနည်းဆုံးလုပ်အားခ သတ်မှတ်ပေးနိုင်မှုမရှိခြင်းနှင့် နိုင်ငံရေးအကျပ်အတည်းကြောင့် ယခုနှစ်တွင် စတုတ္တအကြိမ်သတ်မှတ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။
ပို၍ ဆိုးရွားစေသည်မှာ နိုင်ငံရေးအကျပ်အတည်းအပေါ် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းထက် အလုံးစုံပျက်သုဉ်းရေးဟုဆိုကာ တိုင်းပြည်၏ စီးပွားရေးအပါအဝင် ကဏ္ဍအားလုံးကို ဝိုင်းဝန်းဖျက်ဆီးကြခြင်းက ပိုမိုဆိုးရွားသည့် အခြေအနေကို ဆိုက်ရောက်စေခဲ့သည်ဖြစ်သည်။
ထို့အတူ အလုပ်သမားများသည်လည်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ ခန့်က ရရှိခဲ့သည့် ကျပ် ၄၈၀၀ သည် နိုင်ငံခြားငွေ ၃ ဒေါ်လာကျော်ရှိခဲ့ရာမှ လက်ရှိကာလ တစ်ဒေါ်လာ ကျပ် ၂၉၀၀ ခန့်ဖြစ်လာချိန်၊ ကုန်စျေးနှုန်းများ နှစ်ဆမက မြင့်တက်လာချိန်တွင် တစ်နေ့တာလုပ်အားခ ၄၈၀၀ သည် နှစ်ဒေါ်လာပင် မပြည့်သောအခြေအနေဖြင့် မသေရုံတမယ် အသက်ဆက်နေရပေသည်။
ထို့အတွက် အလုပ်သမားများဘက်မှလည်း အနည်းဆုံးလုပ်အားခကို ကျပ် ၇၂၀၀ မှ ကျပ် ၈၀၀၀ အကြား တိုးမြှင့်ပေးစေလိုသည့် တောင်းဆိုသံများ ကျယ်လောင်သထက်ကျယ်လောင်လာနေသည်ကိုလည်း ကြားသိနေရပေသည်။
သို့သော် မြန်မာနိုင်ငံဆီသို့ FDI များမလာရန် ပိတ်ဆို့ခံနေရသော၊ ရင်းနှီးမြှုပ်နှံမှုများ မလာရန် ဖိအားပေးခံနေရသော၊ ပုံမှန်အလုပ်လုပ်သည်ကိုပင် သူလျှို၊ ဒလန်သတ်မှတ်ကာ မီးရှို့ဖျက်ဆီး ဆန္ဒပြခံနေရသော၊ အကြမ်းဖက်ဖောက်ခွဲမှုများကြောင့် လျှပ်စစ်မီးမမှန်တော့သော ဒုက္ခပေါင်းစုံကို ရင်စည်းခံနေရသည့်အလုပ်ရှင်များမှာလည်း ထိုမျှထိခိုက်ပျက်စီးနေသော စီးပွားရေးပတ်ဝန်းကျင်တွင် အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးနိုင်သည့် အားအင်မရှိသည်ကိုလည်း ကြားမြင်နေရပေသည်။
အလုံးစုံပျက်သုဉ်းရေးဆိုသော မူများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြရာ အလုံးစုံပျက်သုဉ်းအောင် မလုပ်နိုင်ကြသော်လည်း နွမ်းပါးသူများ၏ ဘ၀ပေါင်းများစွာကို ထိခိုက်ကာ ဆူပူအုံကြွအောင် လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးမပြေလည်မှုသက်တမ်းရှည်အောင် လုပ်ဆောင်နေသည်ကိုလည်း အခကြေးငွေတိုးမြှင့်ရယူလိုသော အလုပ်သမားများအနေဖြင့် သိမြင်နားလည်ရန် လိုအပ်ပေသည်။
ထိုသို့ နားလည်မှသာ စီးပွားရေးပြန်လည်ကောင်းမွန်မှသာ စီးပွားရေးအဆောက်အအုံများ ပြန်လည်လည်ပတ်လာနိုင်ပြီး အနည်းဆုံးအခကြေးငွေတိုးမြှင့်လာမည်ဖြစ်၍ စီးပွားရေးအဆောက်အအုံပြိုကျအောင် ဖိအားပေးမှုများကို လုံး၀လက်မခံသောမူများဖြင့် ဆန့်ကျင်ကြမှသာ စီးပွားရေးပြန်လည်တိုးတက်လာကာ အနည်းဆုံးအခကြေးငွေ အမြန်ဆုံးတိုးပေးနိုင်ရေးနီးစပ်ပေမည်ဖြစ်ကြောင်းလည်း MT News သတင်းဌာနက အကြံပြုလိုပါသည်။