MT News
Written by Min Mahar
နွားထိုးကြီးမြို့နယ် မင်းရွာကျေးရွာအနီးတွင် အမျိုးသား ၆ ဦးကို မျက်နှာအဝတ်များစီးကာ သတ်ဖြတ်ခံထားရမှု ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအနီး၌ မျက်လုံးအဝတ်များစီးပြီးသေဆုံးနေသောအမျိုးသား ၆ ဦး၏ အလောင်းများကို ရွာသားတစ်ဦးက စတင်တွေ့ရှိပြီး သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရာ ၉ နာရီခွဲလောက်တွင် ရောက်ရှိလာပြီး စစ်ဆေးသွားကြောင်းသိရသည်။
” မနက် ၉ နာရီလောက်က ရွာအနီးမှာ အမျိုးသား ၆ ယောက်အသတ်ခံထားရတယ်ကြားလို့ သွားကြည့်ကြတာ မင်းရွာက ၃ ယောက်နဲ့ အိုးရင်းရွာက ၃ ယောက်ဖြစ်နေတယ်။ ဆေးလိပ်ခုံပိုင်ရှင်နဲ့ ဆေးလိပ်လိပ်တဲ့သူနှစ်ဦးနဲ့ ကျန်တာ တောင်သူ ၄ ယောက်ဖြစ်တယ်။ ဘယ်သူက ဘာလို့သတ်တယ်ဆိုတာ မသိရသေးဘူး။ ရွာမှာရှေ့ရက်တွေက ကြားတာ ညဆို ဝင်ဝင်ဖမ်းနေကြတယ်။ PDF တွေကလည်း ဒလန်လို့စွပ်စွဲပြီး ခဏခဏလာသတ်နေကြတယ်။ အရမ်းကြာက်စရာကောင်းတဲ့ခေတ်ကာလကြီးကိုရောက်နေရတယ်” ဟု ရွာခံတစ်ဦးက ဆိုသည်။
အသတ်ခံရသူများမှာ မင်းရွာကျေးရွာတွင်နေထိုင်ကြသည့် အသက် ၄၁ နှစ်အရွယ်အမျိုးသား (ဆေးလိပ်ခုံပိုင်ရှင်)သည် ယာလက်ပြင်၌ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာဘက်ဦးခေါင်းဂျိုစောင်းဖောက်ထွက်ဒဏ်ရာ(၂) ချက်၊ အသက် ၄၅ နှစ်အရွယ် အမျိုးသား(တောင်သူ) သည် ဦးခေါင်းနောက်စေ့ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ(၁)ချက်၊ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး(တောင်သူ)သည် ဝဲဘက်ပါးထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာဘက်ရင်အုံအောက် ထိုးသွင်းဒဏ်ရာ(၃)ချက်နှင့် အိုရင်းကျေးရွာတွင် နေထိုင်ကြသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦး(တောင်သူ) သည် ဦးခေါင်းငယ်ထိပ်ဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဂျိုစောင်းဖောက်ဝင် ဒဏ်ရာ(၁)ချက်၊ ယာမျက်ခုံးဖောက်ဝင်ဒဏ် ရာ (၁)ချက်၊ ယာလည်ပင်းဖောက်ထွက် ဒဏ်ရာ(၁)ချက်၊ ယာပုခုံးဖောက်ဝင်ဒဏ် ရာ(၁)ချက်၊ အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး(တောင်သူ)သည် ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနောက် စေ့ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ အသက် ၂၀ အရွယ်အမျိုးသားတစ်ဦး (ဆေးလိပ်လိပ်)သည် ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်နား နောက်ပိုင်းထိုးသွင်းဒဏ်ရာ(၁)ချက်စသည့်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးနေကြကြောင်း သိရသည်။
အဆိုပါအမျိုးသား(၆)ဦး သေဆုံးနေမှုနှင့်ပတ်သတ်၍ သက်ဆိုင်ရာမှ လူသတ်တရားခံများအား စုံစမ်းစစ်ဆေးပြီးနောက် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။