October 20, 2024

အော်စကာပွဲတက် အနုပညာရှင်များကလည်း အပစ်အခတ်ရပ်စဲရေးလှုပ်ရှားတောင်းဆိုမှုများပြုလုပ်

၁၁. ၃. ၂၀၂၄
Translated by Htwe Ko Tun

ဟောလီးဝုဒ်ရုပ်ရှင်လောကရဲ့ ၉၆ ကြိမ်မြောက် ရုပ်ရှင်အော်စကာဆုပေးပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊လော့စ်အိန်ဂျယ်လ်မြို့ရှိ ဒိုးလ်ဘီကဇတ်ရုံကြီးမှာ မတ်လ ၁၀ ရက်က ကျင်းပနေချိန် ဇာတ်ရုံကြီးအနီးတစ်ဝိုက်မှာ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် လူထောင်နဲ့ချီတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒိုးလ်ဘီကဇတ်ရုံကြီးအနီးမှာ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက် ဆန္ဒပြမှုတွေပြုလုပ်နေကြသလို အော်စကာဆုပေးပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်အချို့က သူတို့ရဲ့ အင်္ကျီအဝတ်အစားတွေမှာ ဂါဇာဒေသအတွင်း အစ္စရေးနဲ့ဟားမားစ်အကြားအပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကိုဖော်ညွှန်းတဲ့ အနီရောင်ရင်ထိုးတွေ တပ်ဆင်လာကြတာတွေ့ရပါတယ်။

အော်စကာအခမ်းအနားကို တက်ရောက်လာတဲ့အနုပညာရှင်တွေအနက် အမေရိကန် အဆိုတော် တေးရေးဆရာညီအစ်ကိုဖြစ်ကြတဲ့ Billie Eilish နဲ့ Finneas၊ အမေရိကန်မင်းသား Mark Ruffalo၊ အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူ ဇာတ်ညွှန်းရေးဆရာ Ava DuVernay၊ အမေရိကန်လူရွှင်တော် Ramy Youssef နဲ့ အမေရိကန်မင်းသား Mahershala Ali တို့က အနီရောင်ရင်ထိုးတွေတပ်ဆင်ကာ အခမ်းအနားကို တက်ရောက်လာခဲ့ကြတာ တွေ့ရပါတယ်။

ဒီရင်ထိုးက အနီရောင်လက်ဝါးပြင်နောက်ခံမှာ အနက်ရောင်အသဲနှလုံးပုံဖော်ထားပြီး ဂါဇာစစ်ပွဲကို ချက်ချင်းရပ်ဆိုင်းပေးရေး လိုလားတောင်းဆိုနေတဲ့ အနုပညာရှင်နဲ့ ရှေ့နေ ၄၀၀ ကျော်တို့ပါဝင်တဲ့ Artists 4 Ceasefire အုပ်စုနဲ့ စည်းလုံးညီညွတ်စွာရပ်တည်ရန် ရည်ညွှန်းလျက် ရင်ထိုးကို ဖန်တီးခဲ့တာလို့သိရပါတယ်။

ဒီလိုပဲ အော်စကာဆုပေးပွဲကိုတက်ရောက်လာခဲ့တဲ့ အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Shruti Ganguly ကလည်း ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးတောင်းဆိုတဲ့အနေနဲ့ သူမရဲ့ ဘယ်ဘက်လက်ဖျံမှာ CEASE FIRE (အပစ်အခတ်ရပ်) ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဆေးမင်ကြောင်နဲ့ရေးထိုးလာတာ တွေ့ရှိရပါတယ်။

Ref -AP, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *