MT News
ယမန်နေ့နံနက်ပိုင်းက ငါန်းဇွန်မြို့နယ်ရှိ ဆင်ဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဟန် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် ၃ ဦးမှ လက်လုပ်ဗုံးဖြင့်ဝင်ပစ်ခတ်ရာ ဦးဝင်းဟန်ကလည်း လက်ပစ်ဗုံးဖြင့် ပြန်ပစ်၍ PDF များ ထွက်ပြေးရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၇ ရက် ယနေ့နံနက် ၆ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဦးဝင်းဟန် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် ၃ ဦးသည် ပေါက်ပင်ကျေးရွာမှ စက်လှေဖြင့်ဝင်ရောက်လာပြီး ရေဇင်းကျေးရွာမှတစ်ဆင့် ဆင်ဖြူကုန်းကျေးရွာ ရွာလယ်လမ်းကြောင်းအတိုင်း ဝင်ရောက်လာကာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တံခါးသော့အား ရိုက်ဖျက်ကာ နေအိမ်အတွင်းသို့ လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ခြင်းများ ဆောင်ရွက်လာသောကြောင့် အုပ်ချုပ်ရေးမှူးမှလည်း လက်ပစ်ဗုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် PDF များကျေးရွာအနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“အမည်မသိလူငယ် ၃ ယောက်က အုပ်ချုပ်ရေးမှူးအိမ်ကို လက်ပစ်ဗုံးတွေနဲ့ သုံးလေးချက်ဆင့်ပစ်တာ အထဲကလည်း ပြန်ပစ်လို့ ထွက်ပြေးသွားကြတယ်။ လူတော့မထိခိုက်လို့တော်သေးတယ်။ အိမ်တော့နည်းနည်းပျက်စီးသွားတယ်။ ပြီးတော့စစ်ကြောင်းကရောက်လာပြီး လိုက်စစ်ဆေးတော့ နှစ်လုံးပြူး သေနတ်(၁)လက်၊ ကျည်ခွံ(၈)ခုနဲ့ လက်လုပ်ဗုံး (၃)လုံးသိမ်းဆည်းရမိတယ်လို့ကြားတယ်။ လူတော့ရှာမတွေ့ခဲ့ကြဘူးလို့ပြောတယ်” ဟု ရွာခံတစ်ဦးက ပြောသည်။
အဆိုပါ PDFများ ဖမ်းမိရေး သက်ဆိုင်ရာအဖွဲ့မှ ဆင်တပ်ကျေးရွာနှင့် ရဲပဒိုင်းကျေးရွာများ အနီးတစ်ဝိုက်တွင် ပိတ်ဆို့ရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။