October 20, 2024

၁၁. ၃. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံ၊ ပသွန်ဿနီ ပြည်နယ်က အဆောင်တစ်ခုရဲ့ ခြောက်လွှာအမြင့်ကနေ အသက် ၂၆ နှစ်အရွယ် မြန်မာလူငယ်ကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ မတ်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်တွေနဲ့ အသိမိတ်ဆွေတွေက အခုအချိန်ထိ အဖြေရှာဖို့ ကြိုးပမ်းနေခြင်းဖြစ်ကာ သေဆုံးသူမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသွားရောက်ပညာသင်ကြားနေကြသူတွေကြား နာမည်ကြီးတဲ့ King Mongkut’s Institute of Technology Ladkrabang (KMITL) တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ အသက် ၂၆ နှစ်အရွယ် အောင်ချိုဦး ဆိုသူ မြန်မာနိုင်ငံသားဖြစ်ကာ ခုနစ်ထပ် အဆောက်အဦရဲ့ ခြောက်ထပ်ကနေ အောက်ထပ် ကားပါကင်ကို ပြုတ်ကျပြီး အသက်မပါဘဲ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အခင်းဖြစ်ပွားရာနေ့က အောင်ချိုဦးက သူငယ်ချင်းရှိတဲ့ အဆောင်က အခန်းအမှတ် ၃၆၁၆ ကို လာရောက်လည်ပတ်ခဲ့ကာ အဲ့ဒီအခန်းထဲ သူငယ်ချင်း ၁၁ ယောက်လောက် တူတူရှိနေကြတာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ သူဟာ ဝရံတာဆီကို ပြေးထွက်ကာ ခုန်ချသွားခဲ့တာဖြစ်တာကြောင့် အခန်းတွင်းက အရက်အတန်အသင့် သောက်ထားတဲ့ ကျန်တဲ့သူငယ်ချင်းတွေက ထိတ်လန့်တုန်လှုပ်ခဲ့ရကာ ခုန်ချရခြင်းရဲ့ အကြောင်းအရင်းကို နားမလည်နိုင်ဘဲ ကျန်ရစ်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်ကို တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေပြီးအလောင်းကို မှုခင်းဆေးပညာဌာနကို ပို့ဆောင်ခဲ့သလို သေဆုံးသူရဲ့ အလောင်းကို ပြန်လည်လွှဲပြောင်းပေးဖို့အတွက် သေဆုံးသူရဲ့မိဘတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး အခင်းဖြစ်ပွားရာနေရာမှာရှိခဲ့တဲ့ သူငယ်ချင်းတွေနဲ့လည်း ထပ်မံတွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *