၁၀. ၃. ၂၀၂၄
Written by Ye Kyaw
ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ပဲမျိုးစုံကို သိုလှောင်ထားမှုများရှိနေ၍ ဝယ်ယူသိုလှောင်ခြင်း မပြုရန်နှင့် လုပ်ဆောင်မှုများရှိပါက မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းကုန်သည်အသင်းမှ စိစစ်ဖော်ထုတ်၍ အရေးယူမှုများ ဆောင်ရွက်ရန် စီးပွာရေးနှင့် ကူန်းသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက (၂၈-၂-၂၀၂၄) ရက်စွဲပါ စာအမှတ် ၁၅/၄-၁၁/၂၀၂၄(၂၆) ဖြင့် မတ်လ ၈ ရက်က ညွှန်ကြားထားသည်။
“အခုကလည်း အမှန်တော့ သူတို့ Issue ကတော့ ဈေးကစားဖို့ရည်ရွယ်ပြီးတော့ သိုလှောင်တဲ့ဟာမျိုးပေါ့။ အဲလိုဟာမျိုးတွေ မဖြစ်အောင် အသင်းသားတွေကို အကြောင်းကြားဖိုနဲ့ အဲဒါမျိုးတွေရှိတယ်ဆိုရင်လည်းပဲ ဖော်ထုတ်အရေးယူပေးဖို့ပေါ့” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ပြောသည်။
အထက်ပါ ညွှန်ကြားချက်၌ လက်ရှိကာလတွင် ပဲမျိုးစုံ ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် ကုန်ပစ္စည်းများ ဝယ်ယူသိုလှောင်မှုရှိသည့်အပြင် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများလည်းရှိကြောင်း သတင်းများ ကြားသိရမှုနှင့်ပတ်သက်၍ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူသိုလှောင်ထားခြင်း မပြုရန်နှင့် လုပ်ဆောင်မှုများရှိပါက စိစစ်ဖော်ထုတ်သွားရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းသို့ ခေါ်ယူအသိပေးသွားရန် ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားထားသည်။
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းအနေဖြင့် မိမိတို့၏ ကုန်သည်လုပ်ငန်းရှင်များကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ကုန်စည်များအား ဝယ်ယူသိုလှောင်ထားခြင်းမပြုရန်နှင့် လုပ်ဆောင်မှုရှိပါက စိစစ်ဖော်ထုတ်၍ အရေးယူမှုများ ဆောင်ရွက်သွားရန် ညှိနှိုင်းအကြောင်းကြားထားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အဓိကတင်ပို့နေခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်၌ မတ်ပဲတစ်တန်လျှင် ကျပ်သိန်း ၃၀ မှ ၃၂ သိန်းခွဲဝန်းကျင်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ၃၉ သိန်းဝန်းကျင် ဖြစ်ပေါ်လျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ မတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။