◾ နောက်ဆက်တွဲ ပြုစုစောင့်ရှောက်မှု မြရည်နန္ဒာလူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးနေ
၈ .၃ .၂၀၂၄
Written by Hey Mar
အိမ်ခြေမဲ့ စိတ်ကျန်းမာရေးချို့ယွင်းနေသူ အမျိုးသမီးငယ်တစ်ဦး သစ်ပင်အောက်မှာ တစ်ကိုယ်တည်း မီးဖွားနေတာကို မြင်တွေ့သူတွေက ပရဟိတအသင်းထံ အကြောင်းကြားလို့ သွားရောက်ကူညီမွေးဖွားပေးခဲ့ရတဲ့ ဖြစ်စဥ် မနေ့က မတ်လ ၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ မြရည်နန္ဒာ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။
အဲဒီဖြစ်စဥ်က မန္တလေးမြို့ မြို့ပတ်လမ်းနဲ့ ၄၈လမ်းအနီးမှာဖြစ်ပွားခဲ့ပြီး တစ်ယောက်ထဲကလေးမွေးဖွားနေကြောင်း
ဖုန်းဆက်သတင်းပေးချက်အရ ဖြစ်စဥ်နေရာသို့သွားရောက်ကူညီကာ မွေးလူနာလိုအပ်တဲ့ ဆေးဝါကုသမှု ခံယူနိုင်ရန်အတွက် အေးမြမေတ္တာပုဂ္ဂလိကဆေးရုံကို တင်ပို့ပေးပြီး အချင်းကျမကျနဲ့ သွေးလွန်မှုမရှိရအောင် ဆေးရုံတာဝန်ရှိသူတွေက ပြုစုစောင့်ရှောက် ပေးခဲ့တယ်လို့ သိရပါတယ်။
မြရည်နန္ဒာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက” သက်သာလို့ ဆေးရုံကတော့ ပြန်ခေါ်ခဲ့ပါပြီ။ လောလောဆယ်တော့ ဘယ်မှ ချိတ်ဆက်ပို့ဆောင်တာတွေ မလုပ်ရသေးလို့ ရုံးမှာပဲ စောင့်ရှောက်ထားပါတယ်။ မိန်းကလေးက ၂၅ ဝန်းကျင်လောက်ပဲ။ မွေးထားတာက သားလေးပါ။ သူ့ကလေးကို ဘယ်သူမှ အထိမခံလို့ အညစ်အကြေးလည်း မသုတ်သင်ပေးရဘူး။ သူ့ကိုလည်း အဝတ်အစားလဲပေးလို့မရဘူး။ ခက်တာက သူကိုယ်တိုင်လည်း နို့မတိုက်ဘူး။ ဘေးကနေ တိုက်ပေးဖို့ တခြားနို့တိုက်မိခင်ကတောင်းတော့လည်း မပေးလို့ အဲ့ဒါလေးတော့ သူ့စိတ်လေး လေးစားပါတယ်။ ကလေးကို တစ်ချိန်လုံး ပွေ့ပြီး ကြည့်နေတာ။ တချို့ဆို ပစ်ခဲ့တာတွေ ဘာတွေ ရှိမှာ။ စိတ်က မူမမှန်တော့ ထွက်မသွားအောင် သူ့လည်း စောင့်ကြပ်ကြည့်ရှု့နေရတယ်။ လိုအပ်တာလည်း အသင်းဘက်က အတတ်နိုင်ဆုံးဆောင်ရွက်ပေးမှာပါ” လို့ MT News က မေးမြန်းရာမှာ ပြောပါတယ်။
လတ်တလောမှာတော့ အဆိုပါ သားအမိရဲ့ ဆေးဝါးလိုအပ်ချက် ကုန်ကျငွေကို ဒေါက်တာစိုးသူက ကူညီပေးခဲ့ပြီး မီးဖွားပြီးနောက်ဆက်တွဲ ပြုစုကုသမှုကို ဒေါက်တာ ခင်မာချိုက စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။