October 18, 2024

မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်ကို တွေ့ရစဥ်(Photo-Commerce)

၈. ၁၂. ၂၀၂၂

Written by Ye Kyaw

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုကဏ္ဍ၌ တရုတ်နယ်စပ်ကုန်သွယ်မှုကိုကျော်တက်လာသည့် ထိုင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၄ ဘီလျံကျော်ရှိပြီး စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းကျော်အထိရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၅ အထိ ရှစ်လအတွင်း မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၅ ဒသမ ၂၅၉ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၃၅၀ ကျော် ပိုမိုဆောင်ရွက်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယင်းအနက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၄၅၂ ဘီလျံရှိအထိရှိပြီး စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းအထိရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၆၈၆ ဘီလျံသာရှိပြီး စုစုပေါင်းနယ်စပ်ကုန်သွယ်မှု၏ ၃၂ ရာခိုင်နှုန်းကျော်သာရှိသည်။

မြန်မာ-ဘင်္ဂလာဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၉ သန်းခန့်သာရှိပြီး မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်မှု ဒေါ်လာ ၁၀ သန်းကျော်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုဖြင့် တရုတ်၊ ထိုင်း၊ ဘင်္ဂလာဒေ့ရှ်၊ အိန္ဒိယ၊ လာအို စသည့်နိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိပြီး မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ စသည့်နယ်စပ်ကုန်သွယ်ရေးစခန်း ခုနစ်ခုဖြင့် ကုန်သွယ်ရေးဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါကာလတွင်း မြန်မာ-ထိုင်းနယ်စပ် အဓိကကုန်သွယ်ရေးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၄၅၆ ဘီလျံရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၄၈ သန်းကျော်လျော့ကျခဲ့သည်။

သို့သော် ထီခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုမြင့်တက်ခဲ့ပြီး အဆိုပါကာလရှစ်လတွင် ကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၆၇၀ ဘီလျံအထိရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၆၀၀ ခန့်အထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာသန်း ၁၀၀ ကျော်၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာသန်း ၁၄၀ ကျော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ၇၆ သန်းကျော်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှု ဒေါ်လာ ခုနစ်သန်းကျော် စသည်ဖြင့် ဆောင်ရွက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သတောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP)နှင့် အခြားပို့ကုန်များကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *