၇. ၁၂.၂၀၂၂
Written By Myo Khine
ယခင်သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံဟောင်းဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အဂတိမှုများ အပြီးသတ်လျှောက်လဲချက် ယခုလအတွင်းပေးရန် မသေချာသေးကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။
ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် နေပြည်တော်အချုပ်ရှိ အထူးသီးသန့်တရားရုံး၌ တရားခံပြ သက်သေများကို စတင် စစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
“တနင်္လာနေ့က ပို့ဆက် ဒုဝန်ကြီးဟောင်း ဦးကျော်မျိုးကို စစ်တယ်။ မနေ့က အင်္ဂါနေ့က AMAS ကုမ္ပဏီက ဒါရိုက်တာ ဦးရဲမြင့်ကို စစ်တယ်။ ဦးရဲမြင့်က ရဟတ်ယာဉ်ငှားတာ၊ ပြုပြင်ထိန်းသိမ်းတာတွေအကြောင်းနည်းနည်းပါးပါးလောက်ထွက်ဆိုပါတယ်။သူ့ကိုတရားခံသက်သေအနေနဲ့ စစ်တာ။ နောက်တစ်ပတ်လောက်ဆိုရင်တော့ စစ်တာတွေ ပြီးလောက်မယ်ထင်တာပဲ။ ဒါပေမဲ့လည်း ပြောလို့မရသေးဘူး။ လာမဲ့ တနင်္လာနေ့ နဲ့ အင်္ဂါနေ့ ရုံးချိန်းတွေ ပြီးမှ ပြောနိုင်မယ်။အပြီးသတ်လျှောက်လဲချက်က ဒီလထဲမှာ ပေးဖို့ဆိုလည်း ပြောလို့ မရသေးပါဘူး။ သက်သေက ငါးယောက်တောင် စစ်ရမှာဆိုတော့။ လာမယ် မလာဘူးလည်း မပြောနိုင်ဘူးလေ။ ဒါကြောင့် အပြီးသတ်ကိစ္စက ဇန်နဝါရီကိုလည်း ကူးချင်ကူးသွားနိုင်ပါတယ်”ဟု ယင်းက ဆိုသည်။
ရဟတ်ယာဉ်အမှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်ကို နိုဝင်ဘာ ၁၅ ရက်တွင် နေပြည်တော် အချုပ်ထောင်အတွင်း အထူးသီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ၂၂ ရက်တွင် ပြီးစီးခဲ့ကာ ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်မှု စတင်စစ်ဆေးခဲ့ပြီး နိုဝင်ဘာ၂၈ ရက်တွင် ရဟာတ်ယာဉ်အမှူ ၅ မှုလုံး စစ်ဆေးပြီးစီးခဲ့ခြင်း ဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကြောင်း၊ ရဟတ်ယာဉ် နှင့်ပတ်သက်သောအမှုများမှာ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တို့ဖြစ်ကြောင်း သိရသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ရာတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့် ခွဲမှုရန်ပုံငွေမှ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီး ငှားရမ်း ခြင်း၊ သက်တမ်းတိုးခြင်းတို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက်များကို ထည့်သွင်း စဉ်းစား ဆောင်ရွက်မှု မရှိဘဲ ရဟတ်ယာဉ်ငှားရမ်းခြင်း သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ငှားရမ်းသည့်ကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ စာချုပ်ပါ ပျံသန်း အသုံးပြုနိုင်သည့် နာရီ ၇၂၀ တွင် ၈၄ ဒသမ ၉၅ နာရီသာ ပျံသန်း အသုံးပြုခဲ့၍ လျော့နည်း ပျံသန်းချိန် ၆၃၅ ဒသမ ၀၅ နာရီအတွက် ယခင်ပျံသန်းအသုံးပြုမှု အခြေအနေများအရ လေလွင့်မှု ရှိ၊ မရှိ မစိစစ်ဘဲ ငှားရမ်းခြင်း သက်တမ်းတိုး စာချုပ်များကို ခွင့်ပြု၍ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်းကျော် ပိုမို ပေးချေခဲ့ရခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးကို ထိခိုက် နစ်နာဆုံးရှုံးစေကြောင်း ဖော်ပြခဲ့သည်။
နိုင်ငံတော်ပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသော အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို တင်ပြမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် ဝယ်ယူသည့် စာချုပ်၏ General term တွင် Warranty နှင့် Excusable Delays ဖော်ပြပါရှိ သော်လည်း ပြင်ဆင်ရန် လိုအပ်မှုများနှင့် နောက်ကျရောက်ရှိမှုများအတွက် ဒဏ်ကြေးများ ထည့်သွင်းချုပ်ဆိုထားမှုမရှိခြင်း၊ ပြည်သူ့ဘဏ္ဍာဖြစ်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေများကို ရည်ရွယ်ချက်အတိုင်း ထိရောက် အကျိုးရှိစွာ သုံးစွဲခဲ့ခြင်းမရှိဘဲ ရဟတ်ယာဉ်ဝယ်ယူရေးအတွက် မြန်မာငွေကျပ် သိန်းပေါင်း နှစ်သိန်း သုံးသောင်း ကျော် ပေးချေခဲ့ရခြင်းတို့ကြောင့်လည်း ဘဏ္ဍာငွေကြေးနစ်နာ ဆုံးရှုံးစေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
၎င်းအပြင် ဝယ်ယူပြီးသော ရဟတ်ယာဉ်၏ Operation and Maintenance ကိစ္စ ဆောင်ရွက်ရာတွင် ကုမ္ပဏီတစ်ခုနှင့် လုပ်ငန်းအပ်နှံရေးစာချုပ်ပါ အချက်များကို စိစစ် ညွှန်ကြားရန် ပျက်ကွက်ခဲ့ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ဘေးသင့်သူများအတွက်သာ သုံးစွဲရမည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲခဲ့သဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိမည့်အခြေအနေကိုကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း ထိန်းသိမ်းမည့် ကုမ္ပဏီနှင့် လိုအပ်သလို ညှိနှိင်း၍ စာချုပ် ပြင်ဆင်ချုပ်ဆိုခဲ့မှုမရှိခြင်း၊ စာချုပ်အရ ကြိုတင် ပြင်ဆင်မှုကာလ ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၂၇၀၀၀၀ ကိုသာ ပေးချေသင့်သော်လည်း ငါးလအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂၆၆၇ ကို ရဟတ်ယာဉ် မရောက်သေးဘဲ ကြိုတင်ပေးချေထားခြင်းတို့ကြောင့်လည်း ဘဏ္ဍာငွေကြေးကို ထိခိုက် နစ်နာ ဆုံးရှုံးစေကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် SAC က ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့်အမှုများထဲမှ အပြီးသတ်အမိန့်ချမှတ်ထားသော အမှုများအတွက် ထောင်ဒဏ် စုစုပေါင်း ၂၆ နှစ်ရှိပြီ ဖြစ်ကြောင်း၊ဦးဝင်းမြင့်အနေဖြင့် လက်ရှိအချိန်ထိ ချမှတ်ခံထားရသော ထောင်ဒဏ် ၇ နှစ်ထက် မနည်း ရှိကြောင်းလည်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။