October 20, 2024

၉. ၃. ၂၀၂၄
Written By Thandar

ပရိသတ် ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ မင်းသမီးစိုးပြည့်သဇင်ကတော့ “သံယောဇဥ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကားကြီးမှာ အိမ်ထောင်ရှိတဲ့အမျိုးသားကို ချစ်မိသွားတဲ့ စံသွန်းမဒီနေရာက သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ဒီထဲမှာဆိုရင် မိသားစုကို ကိုယ်သာမရှိရင် မရဘူးဆိုတဲ့ သူမျိုးပါ။ မိသားစုတစ်ခုလုံးရဲ့ တာဝန်ကို ပခုံးပေါ်ထမ်းတင်ထားရတဲ့မိန်းကလေးမျိုး။ အရမ်းအလုပ်လုပ်ရသလို အရမ်းလည်း ကြိုးစားတဲ့ ကောင်မလေး နေရာကပါ။ အဲ့ချိန်မှာ ကိုယ့်အနားကို ရောက်လာတဲ့ အမျိုးသားကို သူအရမ်းအထင်ကြီးပြီး အရမ်းလေးစားခဲ့ရတဲ့ ယောက်ျားတစ်ဦးဖြစ်နေတယ်။ အဲ့ဒီမိန်းကလေးမှာ သူမသိလိုက်တဲ့အရာတွေ အများကြီးဖြစ်သွားတယ်။ သူ့က အိမ်ထောင်ရှိတဲ့ အမျိုးသားကို ချစ်မိသွားတဲ့ စံသွန်းမဒီပေါ့။ ဒီလို အိမ်ထောင်ရှိတဲ့ အမျိုးသားကို ချစ်မိတဲ့ အခါမှာ ဘယ်လိုမျိုး ဆက်ဖြေရှင်းမလဲ ဆိုတာကို စောင့်ကြည့်ပေးကြပါ။ ဝတ္ထုကို ဖတ်ပြီးသား ပရိသတ်တွေဆိုရင်တော့ ဒါကို သိကြမှာပါ”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။

သူမကတော့ စာရေးဆရာမ လွန်းထားထားရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတဲ့ သုံးပွင့်ဆိုင်အချစ် ဇာတ်လမ်းအကြောင်းကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ မင်းသားဟိန်းဝေယံ ၊ မြတ်မှူးခင် တို့နဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ မြရုပ်ရှင်ထုတ်လုပ်ရေးက “သံယောဇဥ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ ၁၅ ရက်မှာ ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

“ဒီကားက လက်ရှိခေတ်အနေအထားနဲ့ တူတာရယ်လို့ မဟုတ်ပါဘူး။ ဟိုးအရင် အမေတို့ အဖွားခေတ်မှာလည်း ဒီလိုပုံစံ အမျိုးသမီးတွေ ကြုံရတာရှိပါတယ်။ အဲချိန်မှာ ခုလို ဆိုရှယ်မီဒီယာ ခေတ်မစားသေးလို့ သိပ် မသိခဲ့ကြတာပါ။ အိမ်ထောင်ရေး ဖောက်ပြန်တာကတော့ ဘယ်လိုအရာပဲဖြစ်ဖြစ်မကောင်းဘူးလို့ စိုးပြည့်မြင် ပါတယ်။ စိုးပြည့်ကို ဘယ်လိုကာရိုက်တာနဲ့ပဲ သရုပ်ဆောင်ဆောင် ၊ ဘယ်လို သီချင်းလေးတွေပဲ ထွက်ထွက် ချစ်ခင်ပေးကြလို့ ပရိသတ်တွေအားလုံးကို ကျေဇူးတင်ပါတယ်။ ဒီကားလေးရုံတင်ပြသရင်လည်း အားပေးကြပါဦး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *