October 20, 2024

၉. ၃.၂၀၂၄
Written by Pan Ei

မြန်မာစစ်အစိုးရနဲ့ သူပုန်တွေကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယက မတ်လ ၈ ရက်မှာ စတင်ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ပြည်နယ် ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

“အိန္ဒိယနိုင်ငံထဲ တရားမ၀င် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပထမအသုတ်ကို ဒီနေ့ ပြည်နှင်ဒဏ်ပေးပါတယ်” လို့ မြန်မာနယ်စပ်ရှိ မဏိပူရပြည်နယ် ဝန်ကြီးချုပ် မစ္စတာ N. Biren Singh က လူဦးရေ အရေအတွက် အတိအကျကို မဖော်ပြထားဘဲ လူမှုမီဒီယာပလပ်ဖောင်း X မှာ ပြောကြားခဲ့ပါတယ်။

“အိန္ဒိယဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိပေမဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ အကျပ်အတည်းကနေ ထွက်ပြေးလာသူတွေကို စနစ်တကျ ခိုလှုံရာနဲ့ အကူအညီတွေ ပေးအပ်ခဲ့တယ်”လို့ မစ္စတာဆင်းက ပြောပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ အရပ်သားတွေဟာ အိန္ဒိယနိုင်ငံရဲ့ဝေးလံခေါင်သီတဲ့ အရှေ့မြောက်ဘက် မဏိပူရပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး N. Biren Singh က မြန်မာနိုင်ငံသားအများစုဖြစ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေ နှင်ထုတ်ခံရခြင်းရတဲ့ ဗီဒီယိုကိုလည်း တင်ခဲ့ပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံနဲ့ နယ်စပ်အတွင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့် နယ်နိမိတ် သဘောတူညီချက်ကို ချက်ချင်းအဆုံးသတ်ဖို့ အိန္ဒိယအစိုးရက တောင်းဆိုပြီး တစ်လအကြာမှာ ခုလို ပြည်နှင်ဒဏ်ပေးခြင်းကို ဆောင်ရွက်ခဲ့တာပါ။

အိန္ဒိယနိုင်ငံဟာ ဝေးလံခေါင်သီတဲ့ တောတောင်တွေနဲ့ နှင်းဖုံးနေတဲ့ ဟိမဝန္တာတောင်တန်းတွေကတစ်ဆင့် မြန်မာနိုင်ငံနဲ့ နယ်စပ်တစ်လျှောက် အရှည် ၁၆၄၃ ကီလိုမီတာအထိ ခြံစည်းရိုးကို စိုက်ထူလျက်ရှိပါတယ်။

မဏိပူရအပါအဝင် နယ်စပ်ဇုန်တွေက လူအများအပြားဟာ မြန်မာနိုင်ငံရှိ ပြည်သူတွေနဲ့ ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ နီးကပ်စွာ ဆက်ဆံလေ့ရှိကြပြီး မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာသူ အများစုမှာ ကူကီးလူမျိုးတွေနဲ့ ဆက်နွယ်မှု ရှိကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အိန္ဒိယနယ်စပ်အနီး မြန်မာနိုင်ငံရှိ ဒေသအချို့မှာ ရက္ခိုင့်တပ်မတော်(AA) နဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲတွေကနေ လွတ်မြောက်ဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး အိန္ဒိယကို ဖြတ်ကျော်ဝင်ရောက်လာသူတွေထဲမှာ ရာနဲ့ချီတဲ့ စစ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *