October 20, 2024

၉.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်း၊ ဂျပန်တံတားအဆင်းတွင် မတ်လ ၈ ရက် နံနက်ပိုင်းက ဖြစ််ပွားခဲ့သော လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် YBS- ၁၄၃ ယာဥ် တိမ်းမှောက် မီးလောင်မှုနှင့် ပတ်သက်၍ ဝင်တိုက်သော Estima အဖြူရောင်ယာဥ်၏ ယာဥ်မောင်း အမျိုးသားကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ လသာသို့ပြေးဆွဲသည့် YBS- ၁၄၃ ယာဥ်ကို ပုစွန်တောင်မြို့နယ်မှ မင်္ဂလာစျေးဘက်သို့ မောင်းနှင်လာသော Estima အဖြူရောင်ယာဥ်က တိုက်မိ၍ YBS ယာဥ်တိမ်းမှောက်ကာ ဒီဇယ်တိုင်ကီမှ ဆီများယိုစိမ့်၍ အိတ်ဇောပေါ်သို့ကျရာမှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုကြောင့် အသက် ၅၁ နှစ်အရွယ်အမျိုးသား၊အသက်၂၀ အရွယ်အမျိုးသမီး၊ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကြီးနှင့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကြီးတို့ လောင်ကျွမ်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

ထို့အပြင် YBS ယာဥ်မှာလည်း ကားအတွင်းခန်း၊ တာယာများ၊ အင်ဂျင်၊ ဂီယာဘောက်စ်၊ ရေတိုင်ကီ၊ ဝါယာကြိုးများ၊ကားမှန်များအပါအဝင် တစ်စီးလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့သည်။

YBS ယာဥ်မီးလောင်မှုကြောင့် Estima အဖြူရောင်ယာဥ်မောင်း အသက် ၆၂ နှစ်အရွယ် ဦးထွန်းအောင်ကို ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉၊ ၂၈၅ တို့ဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *