October 20, 2024

၈. ၃. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သည့် ကဏ္ဍများတွင် ပါဝင်ခွင့်ပေးရန်နှင့် အမျိုးသမီး ဦးရေ ၁၀၀ နှင့်အထက်ရှိသည့် စက်ရုံ၊အလုပ်ရုံများ ကလေးထိန်းဌာနများ ထားရှိရေး လိုက်နာဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အခမ်းအနားသို့ ပေးပို့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးများသည် မိသားစုဝင်၊ ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်းသာမက နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များမှာပါ အမျိုးသားများနှင့် တန်းတူ အကျိုးပြုနိုင်သူများ ဖြစ်ကြကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုပါရယူပြီး လိုအပ်သည့်ကဏ္ဍများတွင် ပါဝင်ခွင့်ပြုပေးရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ အများစုပါဝင် လုပ်ဆောင်နိုင်မည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရေး အစီအစဉ်များ ဆောင်ရွက်ပေးနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

“အမျိုးသမီးများ လုပ်ငန်းခွင်မှာ နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးဦးရေ ၁၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကလေးထိန်းဌာနများ ထားရှိဖို့ လူမှုဖူလုံရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ဒုတိယသက်တမ်း (၂၀၂၃-၂၀၃၂) ကို ရေးဆွဲလျက်ရှိပြီး အတည်ပြုပြီးချိန် အကောင်အထည်ဖော်ရာတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *