October 21, 2024

MT News
၈. ၃. ၂၀၂၄

မြန်မာနိုင်ငံတွင် အလွန်များပြားသည့် အံ့ဩဖွယ်အရေအတွက်ဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၉ ဒသမ ၇ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိနေပြီး တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ မရှိမဖြစ် အလွန်အရေးသော်လည်း မြန်မာနိုင်ငံတွင် တရားဝင်ဖွံ့ဖြိုးရေး အကူအညီများအနက်မှ ၀ ဒသမ ၆၈ ရာခိုင်နှုန်းသာလျှင် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့ အစည်းများထံသို့ ရောက်ရှိသည်ဟု ကုလသမဂ္ဂက ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ အာဏာထိန်းသိမ်းမှုနှင့် ဆိုင်ကလုန်းမိုခါကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဒဏ်များ ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂ဝ၂၁ ခုနှစ်ကစ၍ နှစ်ဆမြင့်တက်ခဲ့ပြီး လူပေါင်း ၁၃ သန်းခန့် စားနပ်ရိက္ခာ ဖူလုံမှုမရှိသလို လူပေါင်း ၂ ဒသမ ၆ သန်းခန့်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်ခဲ့သည်။

အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများသည် အဖယ်ကြဉ်ခံရဆုံးသောလူများထဲတွင် ပါဝင်ပြီး အကျပ်အတည်းများကြောင့် ကျား-မ ကွာဟမှုကို သက်ဆိုးရှည်စေကာ လူကုန်ကူးမှု၊ ကျား-မ အခြေပြုအကြမ်းဖက်မှု(GBV)နှင့် အရွယ်မတိုင်မီ အဓမ္မ လက်ထပ်စေခိုင်းမှု ခံရနိုင်ခြေ တိုးပွားလာခြင်းတို့ကြောင့် ၎င်းတို့သည် ဆင်းရဲနွမ်းပါးမှုဒဏ်နှင့် ဘေးကင်းလုံခြုံမှု မရှိခြင်း စသည့် ဝန်ထုပ်ဝန်ပိုးများကို စုပြုံခံကြရသည်ဟု ကုလသမဂ္ဂက ပြောသည်။

ကုလသမဂ္ဂနှင့် လူသားချင်းစာနာ ထောက်ထားရေး မိတ်ဖက် အဖွဲ့အစည်းများသည် ယခင်နှစ်က အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ အနည်းဆုံး ၁ ဒသမ ၇ သန်းအတွက် လူသားချင်း စာနာ ထောက်ထားမှုအကူအညီများ ဖြည့်ဆည်းနိုင်ခဲ့ပြီး ထိုအကူအညီများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၁ ဒသမ ၂ သန်းအတွက် အစားအစာ အထောက်အပံ့ပေးခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၁ သန်းကျော်အတွက် ကလေးသူငယ်ကာကွယ် စောင့်ရှောက်မှုနှင့်၊ ကျား-မ အခြေပြုအကြမ်းဖက်မှုနှင့် မိုင်းအန္တရာယ် ကာကွယ်မှု အကူအညီများ ပေးခြင်း အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၅၇၀,၀၀၀ ကျော်အတွက် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) အကူအညီများပေးနိုင်ခဲ့ကာ၊ ၎င်းတို့၏ ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန် နှင့် နို့တိုက်ချိန်များအပါအဝင် ကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကို ကောင်းစွာ စီမံ လုပ်ကိုင်နိုင်ရန် အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ကုလသမဂ္ဂကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *