October 21, 2024

၈.၃.၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ငဝန်မြစ်ဘေး၊ မဥ္ဇူလမ်းတွင် မတ်လ ၆ ရက် ညနေပိုင်းက လူနေအိမ်၂၀ ခန့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူဦးရေ ၆၀ ကျော် မီးဘေးသင့်ခဲ့ပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၉ ပေ၊အနံ ၁၈ ပေရှိ ဓနိမိုး၊ ထရံကာ၊ဝါးကြမ်းခင်းနေအိမ်တွင် ထင်းမီးဖိုဖြင့် ချက်ပြုတ်ရာမှ ဘေးအကာသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး လူနေအိမ် အလုံး၂၀ နှင့် ဒေါက်တင်ထားသော စက်လှေများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၆၇ ဦးမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ သာယာဘုန်းကြီးကျောင်းတွင် ယာယီနေထိုင် ခိုလှုံလျက်ရှိသည်။

“ငဝန်မြစ်ဘေးကနေ စလောင်တာ စလောင်တဲ့အိမ်ကို ရေထဲမဆွဲချဘဲ ဒေါက်တင်ထားတဲ့ စက်လှေတွေဘက်ကိုဆွဲချလိုက်တာမို့ လောင်အားကြီးသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၁ စီး၊အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျေဲာ်အပါအဝင် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

နေအိမ်များမီးလောင်မှုကြောင့် အသက် ၇၂နှစ်အရွယ် ဒေါ်ခင်နွဲ့ရီကို ငပုတောမြို့​မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လတ်တလောတွင် မီးဘေးသင့်ပြည်သူများကို ကူညီရန် အဖွဲ့ဝင် ၁၃ ဦးပါသော မီးဘေးကူညီရေး အဖွဲ့ ဖွဲ့စည်းထားပြီး လှူဒါန်းလိုပါက ဖုန်း- ၀၉၄၅၁၂၃၈၄၉၈သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“လတ်တလောတော့ စားဖို့ရယ်၊ နေစရာဝါးအိမ်လေးတွေ ပြန်ဆောက်​ပေးဖို့ရယ် လိုအပ်နေပါတယ်”ဟု မီးဘေးကူညီရေး အဖွဲ့ဝင်တစ်ဦး​က ​ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *