◼️ ရက်သတ္တပတ်တစ်ပတ်အတွင်း ဒုတိယမြောက် လူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ဖြစ်ခဲ့ရ
၈.၃.၂၀၂၄.
Translated by Htwe Ko Tun
အာဖရိကတိုက်အနောက်ပိုင်းရှိ နိုင်ဂျီးရီးယားနိုင်ငံတွင် နိုင်ငံအနောက်မြောက်ဒေသအတွင်းရှိ ကျောင်းတစ်ကျောင်းကို သေနတ်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်၍ ကျောင်းသူကျောင်းသား အနည်းဆုံး ၂၈၇ ဦးအား ပြန်ပေးဆွဲသွားခဲ့ကြကြောင်း ကျောင်းအုပ်ဆရာကြီးက အာဏာပိုင်များသို့ပြောကြားခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံ၌ တစ်ပတ်အတွင်း ဒုတိယမြောက် လူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိကျောင်းများမှ ကျောင်းသူကျောင်းသားများ ပြန်ပေးဆွဲခံရမှုမှာ ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်တစ်ခုလည်း ဖြစ်နေရသည်။ ကာဒူနာပြည်နယ်၊ ကူရီဂါမြို့ရှိ အဆိုပါအစိုးရကျောင်းကို လက်နက်တိုင်သေနတ်သမားများက မတ်လ ၇ ရက်တွင်ဝိုင်းရံလာခဲ့ကြကာ ပြန်ပေးဆွဲခေါ် ဆောင်သွားကြခြင်းဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောခဲ့ကြသည်။
ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူး ယူဘာ ဇာနီက ကျောင်းသူကျောင်းသားလေးများအားလုံး ပြန်လည် လွတ်မြောက်ရေး ကို အာမခံပါကြောင်း၊ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ပြောခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များရောက်ရှိလာပြီးနောက်တွင် ပြန်ပေးဆွဲခံရသည်ဆိုသော ကျောင်းသူကျောင်းသားများအား ကျယ်ပြန့်စွာရှာဖွေမှုများကို ပြုလုပ်လျက်ရှိသည်။
ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ မည်သည့် လက်နက်ကိုင်အုပ်စုကမှ ၎င်းတို့၏လက်ချက်ဟု မပြောကြားကြသေးကြောင်း သိရသည်။
ယခုပြန်ပေးဆွဲမှုက နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများကြောင့် ရွှေ့ပြောင်း နေထိုင်ကြသော အမျိုးသမီးများနှင့်ကလေးငယ် အများစုပါဝင်သည့် အနည်းဆုံး လူ ၂၀၀ ခန့်ကို ချတ်ဒ် နိုင်ငံ နယ်စပ်အနီးတွင် ထင်းရှာဖွေနေကြစဉ် အစ္စလာမ္မစ်အစွန်းရောက်အကြမ်းဖက်များက ဖမ်းဆီးခေါ် ဆောင်ခဲ့မှုအပြီး ရက်အနည်းငယ်အတွင်း ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နိုင်ဂျီးရီးယားနိုင်ငံအတွင်း တစ်ပတ်အတွင်းမှာပင် ဒုတိယမြောက် လူအစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ဖြစ်ခဲ့ရသည်။
Ref- ABC News