October 20, 2024

၈.၃.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားပွဲကို ယနေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ခန်းမကြီးမှာ ကျင်းပခဲ့ပါတယ်။

” ရုပ်ရှင်အစည်းအရုံး ပြဇာတ်ကြီးကနေ နှစ်ပေါင်း ၇၈ နှစ်မြောက် အင်မတန် ကျက်သရေ မင်္ဂလာရှိတဲ့နေ့လို့ ပြောလို့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်က စတင်ခဲ့တဲ့ မေတ္တာနဲ့အသူရာ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ကြပါတယ်။ နေဝင်မီးငြိမ်း ပြဇာတ်ကို စတင်ကပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်ဒြပ်တစ်ခုလည်းဖြစ်ရပါတယ်။ ရုပ်ရှင်အစည်းအရုံးဟာ ကျရာကာလမှာ နိုင်ရာတာဝန်ထမ်းခဲ့တဲ့ တာဝန်ကျေပွန်ခဲ့တာလည်း ရှိပါတယ်”လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြောပါတယ်။

အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးကို ကျေးဇူးပြုခဲ့ဖူးသူတွေနဲ့ ကျေးဇူးခံစားခဲ့ကြသူတွေ တွေ့ဆုံပွဲတစ်ရပ်အနေမှာ နာယကကြီး ဦးအောင်လွင် ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ၊ ဒါရိုက်တာ အကယ်ဒမီ ဇော်မြင့်ဦး စတဲ့သူတွေ တက်ရောက်ပြီ မုဒိတာစကားပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရန်အောင် ၊ ခန့်စည်သူ ၊ နေဗလု ၊ မေသန်းနု ၊ စိုးသီဟ ၊ ဝါဝါ‌အောင် ၊ ချစ်ချစ်ဇော် ၊ မတူး ၊ မမဆောင်း စတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

၁၉၄၆ ခုနှစ် မတ်လ(၈)ရက်နေ့က စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကြီးဟာ ၂ဝ၂၄ ခုနှစ် မတ်လ(၈)ရက်နေ့မှာ (၇၈)နှစ်ပြည့်မြောက်ပြီဖြစ်ပြီး ဒီနေ့ပွဲမှာတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက “မြန်မာ့ရိုးရာ ဓလေ့” ဇာတ်လမ်းတို ပြိုင်ပွဲပြုလုပ်ရာမှာ ဆင်စွယ်ကကြိုး ၊ ရိုးရာပျော် ဆင်ပွဲတော် ၊ တဒင်္ဂ ပိတောက် ၊ အဖန်တစ်ရာရိုင်းနှင့် ကံ ကြမ္မာလှိုင်း ၊ ပန်းစေရာ ၊ လရောင်ဆမ်းမှ ပွင့်သည့်ပန်း ၊ စွဲလမ်းခြင်း ၊ သုံးနားညီ တြိဂံ ၊ လက်ခုပ်သံနဲ့ ရက်ကန်း ဇာတ် ကားတွေက ဆုရရှိခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *