၈. ၃. ၂၀၂၄
Translated by Htwe Ko Tun
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ရှေ့တန်းစစ်မျက်နှာပြင် တပ်ဖွဲ့ဝင်တွေရဲ့ ရန်သူ၏ မြို့တော်သို့ အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းနိုင်မှုစွမ်းရည်အား စစ်ရေးလေ့ကျင့်ခြင်းကို မတ်လ ၇ ရက်က ပြုလုပ်ခဲ့တာ တက်ရောက်ကြည့်ရှုပြီး လမ်းညွှန်မှုပြုခဲ့ကြောင်း မြောက်ကိုရီယားနိုင်ငံပိုင် သတင်းဌာန KCNA က မတ်လ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒါက တောင်ကိုရီးယားနဲ့အမေရိကန် ပြည်ထောင်စုတို့ပူးပေါင်းပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုကို သိသာထင်ရှားတဲ့ တုံ့ပြန်မှု့တစ်ရပ်အဖြစ် ရှုမြင်ကြပါတယ်။
KCNA သတင်းဌာနက မြောက်ကိုရီးယားအမြောက်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲဝင်အသင့်အနေအထားနဲ့ လက်တွေ့ စစ်ဆင်မှုစွမ်းရည်ကို တိုးမြှင့်ပေးနိုင်ရန်ရည်ရွယ်ခြင်းလို့ ဖော်ပြခဲ့ပါတယ်။ လေ့ကျင့်မှုမှာ နယ်စပ်ဒေသအနီးရှိ အဝေးပစ်အမြောက်တပ်ဖွဲ့တွေရဲ့ ‘ရန်သူ၏မြို့တော်’သို့ ပစ်ခတ်နိုင်မှု စွမ်းရည်ကို သရုပ်ပြခဲ့တာပဲလို့လည်း ဖော်ပြခဲ့ပါတယ်။
ဒီနေရာမှာ ‘ရန်သူ၏မြို့တော်’ ဆိုတာက အမည်မဖော်ပြထားသော်လည်း တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မြို့ကို ရည်ညွှန်းခြင်းဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ဒုံးပျံပစ်လွှတ်ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ရည်ရွယ်ချက်နဲ့ တောင်ကိုရီးယားနဲ့အမေရိကန်တို့ မတ်လ ၄ ရက်က စတင်လို့ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်းအပေါ် တုံ့ပြန်မှုလို့ဆိုရမယ့် မြောက်ကိုရီးယားအမြောက်တပ်ဖွဲရဲ့လေ့ကျင့်မှုကို ကင်ဂျုံအန်းကိုယ်တိုင်တက်ရောက်ခဲ့ခြင်းက ထူးခြားမှုဖြစ်ခဲ့ရပါတယ်။ KCNA သတင်းဌာနက အသေးစိတ်ဖော်ပြခြင်းမပြုပေမယ့် အမြောက်ကြီးများနဲ့ ဆင်နွှဲမယ့်စစ်ပွဲအတွက် အောင်မြင်စွာအဆုံးသတ်နိုင်မယ့် အရေးကြီးလုပ်ငန်းတွေကို ကင်က ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံ အနောက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ အမြောက်တပ်ဖွဲ့ရဲ့ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မတ်လ ၆ ရက်ကစတင်ပြီး နှစ်ရက်ကြာပြုလုပ်ခဲ့ကာ ကင်က ပထမနေ့မှာ နိုင်ငံအနောက်ပိုင်းစစ်ရေး လေ့ကျင့်မှုအခြေစိုက်စခန်းသို့လာရောက်ခဲ့ကာ ဒုတိယနေ့ဖြစ်တဲ့ မတ်လ ၇ ရက်မှာတော့ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်ကြည့်ရှုခဲ့တာလို့လည်း သိရပါတယ်။
တောင်ကိုရီးယားစစ်ဖက်က မြောက်ကိုရီးယားဟာ မတ်လ ၇ ရက်က ဒုံးကျည်ပေါင်းစုံနဲ့ ဟောင်ဝစ်ဇာ အဝေးပစ်အမြောက်ကြီးတွေနဲ့ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ မြစ်ဝါမြစ်ဘက်ဆီသို့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။မြောက်ကိုရီးယားအနေနဲ့ ရန်စမှုတွေလုပ်လာရင် လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားကလည်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုက ကျူးကျော် တိုက်ခိုက်မှုပြဖို့အစမ်းလေ့ကျင့်နေခြင်းဖြစ်ကာ မူမမှန်သောအကြောင်းပြချက်များဖြင့် ယိုးမယ်ဖွဲ့ ကာ စစ်ရေးလေ့ကျင့်နေမှုကို ရှုတ်ချတယ်လို့ပြောခဲ့ပါတယ်။ ဒီလိုအကြီးစားစစ်ရေးလေ့ကျင့်နေမှုတွေအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ဟာ တန်ဖိုးကြီးသောပေးဆပ်မှုများပြုရမယ်လို့လည်း မြောက်ကိုရီးယားက မတ်လ ၄ ရက်မှာ ပြန်လည် ပြောကြားထားခဲ့ပါတယ်။
Ref–Yonhap News