October 20, 2024

၈. ၃. ၂၀၂၄
Written by Nyein Kyaw

ပြည်တွင်းမှ ထွက်ရှိလာသည့် ဝါများအား ကုန်‌ချောချည်နှင့် ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့တွင်ပြုလုပ်သည့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိဝါစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းမှတစ်ဆင့် တိုင်းပြည်စီးပွား‌‌ရေးကို ကောင်းမွန်တိုးတက်အောင် အထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း၊ ဝါ အထွက်နှုန်းများ တိုးတက်စေရေး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများ ရရှိရေးအတွက် ရေရှည်ကိုကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးထွက်ရှိသည့် ဝါများကို သိုလှောင်၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အလုပ်ကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် အလုပ်လက်မဲ့ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဝါ အထွက်နှုန်းများ တိုးတက်စေရေး ဦးစားပေး ဆောင်ရွက်သွားရမည်ဖြစ်သဖြင့် ရည်မှန်းချက်များ ချမှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထွက်ရှိလာသည့် ဝါများအား ကုန်‌ချောချည်နှင့်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်‌ခေါ်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝတ်ရေးနှင့်ပတ်သက်၍ ဖူလုံမှုမရှိသဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ အဆင့်မီသည့် ချည်ထည်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းများ တိုးတက်လာပြီး နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဝါများစိုက်ပျိုးထွက်ရှိသော်လည်း ဝါဂွမ်းကို စနစ်တကျဖြင့် ထုတ်လုပ်နိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိဝါစိုက်ဧက ငါးသိန်း၌ တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ လက်ရှိထွက်ရှိနေသည့် ဝါကုန်ကြမ်းများကို ချည်ချောများ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များ တင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *