October 20, 2024

၈. ၃. ၂၀၂၄
Written by Pan Ei

ကြာသပတေးနေ့ (မတ်လ ၇ ရက်) က အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပျံသန်းမဲ့ United လေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ မြေပြင်ကနေ ပျံတက်ပြီး စက္ကန့်ပိုင်းအတွင်း ဘီးတစ်လုံးကျွတ်ကျပြီးနောက် လေယာဉ်က လော့စ်အိန်ဂျလိစ်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ကျွတ်ကျကျန်ခဲ့တဲ့ ဘီးက ဆန်ဖရန်စ္စကိုလေဆိပ်ရဲ့ ဝန်ထမ်းတွေအသုံးပြုတဲ့ ကားပါကင်ထဲကို ကျခဲ့ပြီး ရပ်ထားတဲ့ ကားတွေကို ထိမှန်ခဲ့ကာ ကားအများအပြား ပျက်စီးသွားခဲ့တယ်လို့ လေဆိပ်အရာရှိတွေက ပြောပါတယ်။

အိုဆာကာကို ပျံသန်းမဲ့ အဆိုပါ ဘိုးအင်း ၇၇၇ လေယာဉ်မှာ ခရီးသည် ၂၃၅ ဦးနဲ့ အမှုထမ်း ၁၄ ဦး လိုက်ပါသွားခဲ့ကြောင်း United လေကြောင်းလိုင်းက တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အဲ့ဒီ လေယာဉ်မှာ ပင်မဆင်းသက်တဲ့ဂီယာနှစ်ခုစီမှာ ဘီးခြောက်ခုစီရှိပြီး ဘီးမရှိတာပဲဖြစ်ဖြစ် ဘီးပျက်စီးတဲ့ အခြေအနေမှာပဲဖြစ်ဖြစ် လုံခြုံစွာနဲ့ မြေပြင်ပေါ်ဆင်းသက်နိုင်ဖို့ ဒီဇိုင်းထွင်ထားခြင်းဖြစ်ကာ မနေ့ကဖြစ်စဉ်မှာတော့ လေယာဉ်ပျံသန်းပြီးနောက် စက္ကန့်ပိုင်းအတွင်း ဘယ်ဘက်ခြမ်းရှိ ပင်မဆင်းသက်ဂီယာဘက်ခြမ်းက ဘီးတစ်လုံး ပြုတ်ကျခဲ့တာပါ။

အဲ့ဒီဖြစ်စဉ်ကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ ပြေးလမ်းကို ခေတ္တပိတ်ထားခဲ့ကာ အခုအခါတော့ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပြီး ကျန်ရှိတဲ့ ခရီးစဉ်အတွက် ခရီးသည်တွေကို တခြားလေယာဉ် ပြောင်းပေးသွားမှာဖြစ်တယ်လို့ United က ပြောကြားခဲ့ပါတယ်။

ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့ (FAA) က အဆိုပါ ဘီးကျွတ်ကျမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ Tony Molinaro က ပြောကြားခဲ့သလို ဆန်ဖရန်စစ္စကိုမှာ ဒီအဖြစ်အပျက်ဟာ ဒီနှစ် ဘိုးအင်း ဂျက်လေယာဉ်တွေအတွက် နောက်ဆုံးပေါ် အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *