October 30, 2024

ဒဂုံတက္ကသိုလ်တွင် ပညာသင်ကြားနေသူများ၏ ကျောင်းဆင်းချိန်မြင်ကွင်းတစ်ခုအား တွေ့ရစဥ်

၇. ၁၂. ၂၀၂၂
Written by Nay Moe

ဒဂုံတက္ကသိုလ်တွင် ယနေ့နေ့လယ်ခင်းက ကျောင်းသူကျောင်းသားများ စာသင်နေချိန် ရုတ်တရက်အိမ်ပြန်ခိုင်းပြီး ကျောင်းပတ်လည်နှင့် အနီးတစ်ဝိုက်တွင်လည်း လုံခြုံရေးဆောင်ရွက်မှုများ ရှိနေသည်ဟု ကနဦးသတင်းများအရ သိရသည်။

“စာသင်နေရင်းတန်းလန်းကြီးကို အကုန်ပြန်လွှတ်လိုက်တာ။ တံခါးတွေလည်း ပိတ်၊ ဌာနတံခါးတွေလည်း ပိတ်လိုက်တယ်။ အခြေအနေမကောင်းဘူး” ဟု ဒဂုန်တက္ကသိုလ်တွင် ပညာသင်ကြားနေသူတစ်ဦးက ယနေ့ နေ့လယ် ၃ နာရီခန့်တွင် ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က တောင်ဒဂုံမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ကို ဓားပြတိုက်ရန် လာရောက်သူများကို ဘဏ်မန်နေဂျာ ဦးစောမိုးဝင်းက ဝင်ရောက်လုံးထွေးဖမ်းဆီးရာမှ ဓားပြတိုက်သူများပစ်ခတ်မှုကြောင့် ဦးစောမိုးဝင်းသေဆုံးခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက်တွင် ဒဂုံတက္ကသိုလ်မှ ကျောင်းသားဟောင်းများအပါအဝင်ခုနစ်ဦးမှာ ဦးစောမိုးဝင်းအားသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ပုဒ်မ ၃၀၂ (၁)(က) ဖြင့် နိုဝင်ဘာ ၃၀ ရက်တွင် သေဒဏ်ချမှတ်လိုက်ပြီး ဒီဇင်ဘာ ၇ ရက်တွင် ကွပ်မျက်မည်ဟု အတည်မပြုနိုင်သော သတင်းများထွက်ပေါ်လာခဲ့သည်။

ထို့နောက် သေဒဏ်ချမှတ်ခံရသူ ၇ ဦးအတွက် ဆန္ဒပြမှုများနှင့် လက်တုံ့ပြန် တိုက်ခိုက်ရန် လှုံ့ဆော်မှုများ ထွက်ပေါ်လာပြီးနောက် ဒဂုံတက္ကသိုလ်တွင် လက်ရှိပညာသင်ယူနေသော ကျောင်းသားကျောင်းသူများအား အိမ်သို့ပြန်လွှတ်ကာ လုံခြုံရေးတိုးမြှင့်မှုများလည်း ရှိနေသည်ဟု ဒဂုံတက္ကသိုလ်အနီးတစ်ဝိုက်တွင် နေထိုင်သူများက ပြောသည်။

“လောလောဆယ်တော့ ဘာမှ ပေါက်တာကွဲတာမကြားပေမဲ့ လုံခြုံရေးကင်းလှည့်နေတာမြင်တယ်။ ရပ်ကွက်ရုံးထဲလည်း လခရကားတစ်စီးဝင်သွားတာ တွေ့လိုက်တယ်” ဟု ဒဂုံတက္ကသိုလ်အနီး နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ လုံခြုံရေးတိုးမြှင့်သည့်အပေါ် MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအပါအဝင် ဆန္ဒပြနေသည့် မြေပေါ်မြေအောက်အဖွဲ့အစည်းများအား မည်သို့ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း ရှိမရှိ ဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်များကို ဆက်လက် ဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *