၈. ၃. ၂၀၂၄
Translated by Htwe Ko Tun
(ဆောင်းပါးရှင် Jong Min Lee က The Diplomat သတင်းစာတွင် ရေးသားဖော်ပြခဲ့သော Will Myanmar Become the Next North Korea? ဆောင်းပါးကို ဆီလျော်သလို ကောက်နုတ်ပြန်ဆိုပါသည်)
မကြာသေးမီ ဖေဖော်ဝါရီလ ၂၁ ရက်က အမေရိကန်တရားရေးဌာနက ဂျပန်နိုင်ငံ၊ ယာကူဇာဂိုဏ်းခေါင်းဆောင် တာကေရှီ အီဘီဆာဝါကို တရားစွဲမှုပြုခဲ့တာက မြန်မာနိုင်ငံအတွင်း နျူကလီယားနည်းပညာ တိုးတက်ပြန့်ပွားနေပြီလားလို့ ကာလကြာမြင့်စွာက စိုးရိမ်လာနေကြမှုတွေကို နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အခြေ အနေရှုပ်ထွေးနေမှုနဲ့အတူ တစ်ဖန်ပြန်၍ ပေါ်ပေါက်လာစေပြန်ပါတယ်။ အီဘီဆာဝါကို ၂၀၂၀ ပြည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံမှ နျူကလီးယားလက်နက်ပြုလုပ်လို့ရတဲ့ကုန်ကြမ်းပစ္စည်းတွေကို နိုင်ငံတကာသို့ကူးသန်းရောင်းဝယ်ခဲ့မှုနဲ့ အမေရိကန်အစိုးရက တရားစွဲခဲ့တာပါ။
ဒီအမှုမှာ အီဘီဆာဝါကို တရားမဝင်လက်နက်ရောင်းဝယ်မှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတို့နဲ့ နယူးယော့ခ်မြို့မှာ တရားစွဲခဲ့အပြီး ၂၀၂၂ ခုနှစ် ဧပြီလကစလို့ အမေရိကန်က ဖမ်းဆီးထားခဲ့ပါတယ်။ မကြာမီက တရားစွဲမှုမှာတော့ အီဘီဆာဝါဟာ Yellowcake လို့သိကြတဲ့ နျူကလီးယား လက်နက်တွေပြုလုပ်လို့ရတဲ့ အဆင့်မြင့် ပလူတိုနီယမ်နဲ့ ယူရေနီယမ်အမှုန့်တွေကို အမည်မဖော်ပြတဲ့ မြန်မာနိုင်ငံမှ လက်နက်ကိုင်သောင်းကျန်းသူတွေကိုယ်စား အရောင်းအဝယ်ပြုဖို့ ကြိုးစားခဲ့တယ်လို့ ထပ်မံစွပ်စွဲခဲ့ပါတယ်။ သူက ဒီနျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို မြေပြင်မှ ဝေဟင်ပစ် ဆမ်ဒုံးကျည်တွေနဲ့ အခြားသော စစ်လက်နက်တွေနဲ့ အရောင်းအဝယ်ပြုဖို့ကြိုးစားခဲ့တာလို့ဆိုပါတယ်။
အမေရိကန်ရဲ့ တရားစွဲမှုကို အကြမ်းဖျင်းပြောရရင် အီဘီဆာဝါနဲ့ ပူးပေါင်းကြံစည်သူတွေက အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(DEA) က စုံထောက်တွေကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက် မှာ တွေ့ခဲ့တဲ့အခါမှာ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးက နျူကလီးယားကုန်ကြမ်းပစ္စည်းတွေကို လာရောက်ဝယ်ယူဖို့ကြိုးစားတာလို့ပဲ ထင်ခဲ့ကြပါတယ်။ အီဘီဆာဝါက မြန်မာနိုင်ငံအတွင်း နျူကလီးယား ကုန်ကြမ်းပစ္စည်း ငါးတန်ခန့် ရရှိနိုင်တယ်လို့ ဆိုခဲ့ကြပါတယ်။ သူ့လက်ထဲမှာ သိုရီရမ်-၂၃၂ ကုန်ကြမ်းပစ္စည်း အကြမ်းအားဖြင့် ၂,၀၀၀ ကီလိုဂရမ်နဲ့ Yellowcake ၁၀၀ ကီလိုဂရမ်တို့ရရှိဖို့ အခွင့်အလမ်းရရှိပြီဆိုတာလည်း အဲဒီတုံးက အီဘီဆာဝါက အခိုင်အမာဆိုခဲ့တာပါ။ သက်သေအနေနဲ့ ဓာတ်ပုံတွေကိုပါ သူကပို့ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ နျူကလီးယားမှုခင်းနည်းပညာဓာတ်ခွဲခန်းကလည်း အီဘီဆာဝါက နမူနာပေးပို့တဲ့ ပစ္စည်းတွေကိုစစ်ဆေးပြီး ယူရေနီယမ်နဲ့ လက်နက်ပြုလုပ်နိုင်တဲ့ ပလူတိုနီယမ်အဆင့်တွေပါဝင်တယ်လို့ အတည်ပြုခဲ့ပါတယ်။
အီဘီဆာဝါကလည်း သူ့အနေနဲ့ နျူကလီယားကုန်ကြမ်းပစ္စည်းတွေရောင်းချဖို့ အီရန် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ဆွေးနွေးခဲ့ရတယ်လို့ပဲ ထင်ခဲ့တာပါ။ DEA က စုံထောက်တွေဆိုတာ မရိပ်မိခဲ့ပါဘူး။ ဒီကိစ္စမှာ နျူကလီးယားကုန်ကြမ်းတွေရောင်းဝယ်ဖို့ ကြိုးစားမှုက DEA ရဲ့ စစ်ဆင်ရေးအောက်မှာ ကျဆုံးခဲ့ရပေမယ့် ဒီဖြစ်ရပ်ကပြည်တွင်းစစ်နဲ့ကြုံနေရတဲ့ မြန်မာနိုင်ငံအတွင်း နျူကလီးယားထုတ်လုပ်မှုနဲ့ ပြန့်ပွားလာနိုင်မှု အန္တရာယ်ကို မျက်စိလျှမ်းမနေကြဖို့ မီးမောင်းထိုးပြလိုက်သလိုပါပဲ။
◾ မြန်မာ့ နျူကလီးယားအစီအစဉ်ရဲ့ သမိုင်းကြောင်းအကျဉ်းချုပ်
မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်ကို ဘက်စုံအသုံးချဖို့ ပထမဆုံးအားထုတ်မှုအနေနဲ့ မြန်မာအစိုးရက ၁၉၅၅ ခုနှစ်မှာ မြန်မာ့အဏုမြူစွမ်းအင်ဗဟိုစခန်းကို တည်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၁၉၉၇ ခုနှစ်မှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရဲ့လက်အောက်မှာ အဏုမြူစွမ်းအားဦးစီးဌာန(DAE) ရယ်လို့ ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ အဏုမြူစွမ်းအင်ကိုငြိမ်းချမ်းစွာ အသုံးချရေးညီလာခံမှာ ပါဝင်တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA) ကို စတင်တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။
စစ်အေးကာလအတွင်းမှာလည်း မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်အသုံးမပြုရေး လမ်းကြောင်း အတိုင်းလျှောက်လှမ်းခဲ့ပြီး ၁၉၉၂ ခုနှစ် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်(NPT)မှာ ပါဝင် လက်မှတ်ထိုးခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ဘန်ကောက်စာချုပ်ကိုလည်း လက်မှတ်ရေးထိုးပြီး နျူကလီးယား လက်နက်အသုံးမချရေးအတွက် ကတိပြုခဲ့ပါတယ်။
အထက်ပါဆောင်ရွက်ချက်တွေအရ မြန်မာနိုင်ငံဟာ သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်တွေမှာလည်း ပါဝင်လက်မှတ်ထိုးခဲ့ပြီး နိုင်ငံတကာ နျူကလီးယားလက်နက်မပြန့်ပွားရေးအားထုတ်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် မြန်မာ့တပ်မတော်ရဲ့ အဆိုပါကတိပြုချက်တွေမှာ မေးခွန်းထုတ်စရာလေးတွေရှိတယ်လို့ ဆိုကြပြန်ပါတယ်။
၂၀၀၁ ခုနှစ်ကာလက မြန်မာနိုင်ငံကို တပ်မတော်အစိုးရက အုပ်ချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(SPDC) က ရုရှားနိုင်ငံနဲ့ နျူကလီးယား သုတေသနဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ရေးအတွက် ညှိနှိုင်းခဲ့ပါတယ်။ မြန်မာက ၂၀၀၀ ပြည့်နှစ်မှာ IAEA သို့ သုတေသနဓာတ်ပေါင်းဖိုတစ်ခုဆောက်လုပ်ရေး တင်ပြတောင်းဆိုခဲ့ပါတယ်။ IAEA ကလည်း ဓာတ်ပေါင်းဖိုရဲ့အနိမ့်ဆုံးရှိရမယ့် လုံခြုံစိတ်ချရမှုအဆင့်တွေနဲ့ ပုံမှန်စစ်ဆေးမှုတွေအပါအဝင် စည်းကမ်းပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာလည်း IAEA သတ်မှတ်ချက်တွေအတိုင်း ကိုက်ညီဖို့ပြောခဲ့တာပါ။
ဒါပေမယ့်လည်း မြန်မာ့တပ်မတော်အစိုးရက တာဝန်ခံမှုအနည်းဆုံးနဲ့ နျူကလီယားနည်းပညာဆောင်ရွက်နိုင်မှုတွေ တိုးတက်ဖို့ ရုရှားရဲ့အထောက်အပံ့ရရှိဖို့ကြိုးစားခဲ့ပါတယ်။ဒီဆောင်ရွက်မှုအတွက် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးသောင်းနဲ့ အမေရိကန်မှာလေ့ကျင့်ပေးထားတဲ့ နျူကလီးယားသိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဦးသိန်းပိုစောတို့ခေါင်းဆောင်ခဲ့ကြတာပါ။ ဒီသုတေသနဓာတ်ပေါင်းဖိုက မြောက်ကိုရီးယားမှာ ၁၉၆၅ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုက တည်ဆောက်ပေးခဲ့တဲ့ ၅ မဂ္ဂါဝပ်ရှိ သုတေသနဓာတ်ပေါင်းဖိုနဲ့ အလားတူပါပဲ။ မြောက်ကိုရီးယားကနောက်ပိုင်းမှာ ဒီဓာတ်ပေါင်းဖိုကနေ နျူကလီးယားလက်နက်တွေထုတ်ဖို့ ကုန်ကြမ်းပစ္စည်း ပလူတိုနီယမ်ကို ထုတ်ယူနိုင်ခဲ့တာပါ။
အဆိုပါ ရုရှားနဲ့ နျူကလီယားသုတေသနဓာတ်ပေါင်းဖိုတည်ဆောက်ရေးအစီအစဉ်က သိပ်မကြာခင်မှာ ပျက်ပြားခဲ့ရပါတယ်။ ဒါပေမယ့် မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ တရားဝင်သံတမန်အဆက်အသွယ်တွေ တရားဝင်ပြန်လည်ထူထောင်လို့ မြန်မာအစိုးရရဲ့ နျူကလီးယားနည်းပညာဖွံ့ဖြိုးရေးရည်မှန်းချက်တွေ ပိုမိုပြင်းပြလာချိန်မှာတော့ မြန်မာနိုင်ငံရဲ့ နျုကလီးယားအစီအစဉ်ကို စိုးရိမ်လာကြပြန်ပါတယ်။ ဒီနောက်မှာတော့ မြန်မာနိုင်ငံအတွင်း မြောက်ကိုရီးယားရဲ့နျူကလီးယားပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်ဆိုတာနဲ့ ရုရှားဆီက အကူအညီတွေရနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ၊ ကောလာဟလသတင်းတွေ ထွက်ပေါ်လို့ လာခဲ့ပြန်ပါတယ်။
◾ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည်ရှင်သန်လာမှု
၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံမြို့တော် ရန်ကုန်မှာ မြောက်ကိုရီးယားကပြုလုပ်ခဲ့တဲ့ ဗုံးခွဲမှုကြောင့် တောင်ကိုရီးယားအစိုးရအဖွဲ့အရာရှိကြီးတွေ ၁၆ ဦးထိ သေဆုံးခဲ့ရပြီးတဲ့နောက်မှာတော့ မြန်မာအစိုးရက မြောက်ကိုရီးယားနဲ့သံတမန်အဆက်အသွယ်ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၀ ပြည့်နှစ်အလွန် အစောပိုင်းနှစ်တွေမှာတော့ မြန်မာနဲ့မြောက်ကိုရီးယားတို့ သံတမန်အဆက်အသွယ်တွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်စစ်ဖက်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးဖြစ်တဲ့ ဘရူ့စ် ဘက်ချ်တိုလ်ရဲ့ပြောကြားချက်အရတော့ မြန်မာနိုင်ငံက မြောက်ကိုရီးယားသို့ ဓာတ်ပေါင်းဖိုနည်းပညာနဲ့ပတ်သက်လို့ လေ့လာရန် ၂၀၀၃ ခုနှစ်မှာ နည်းပညာရှင် ၃၀ ပို့လွှတ်ခဲ့တယ်လို့ဆိုပါတယ်။၂၀၀၃ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်အကြားမှာ မြန်မာနိုင်ငံမြို့တော်သစ်ဖြစ်တဲ့ နေပြည်တော်ရဲ့ အောက်ဘက်မှာ လိုဏ်ခေါင်းတွေတည်ဆောက်ဖို့ မြောက်ကိုရီးယားပညာရှင်တွေရောက်နေတယ်ဆိုတဲ့ သတင်းလည်းထွက်ပေါ်လာပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ နှစ်နိုင်ငံတရားဝင်ဆက်ဆံရေးပြန်လည်တည်ထောင်ပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားအစိုးရက သံရုံးပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီနောက်မှာတော့ မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း လျှို့ဝှက်ခရီးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယားအကြားမှာ စစ်ဖက်ခေတ်မီစေရေးနဲ့ လိုဏ်ခေါင်းဖောက်လုပ်မှုနည်းပညာလွှဲပြောင်းပေးရေးတို့အတွက် အလေးထားကြဖို့ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး နှစ်နိုင်ငံကြား လက်နက်ကုန်သွယ်မှုလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ မြန်မာနိုင်ငံဆိုင်ရာ သြစကြေးလျနိုင်ငံသံအမတ် မစ်ချယ်ချန်းက မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးအတွက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။အဆိုပါမြန်မာအစိုးရတာဝန်ရှိသူက ရုရှားက မြန်မာ့နျူကလီးယားဖွံ့မြိုးတိုးတက်မှုအတွက် ဆော့ဖ်ဝဲလ်နဲ့ လေ့ကျင့်ရေးကဏ္ဍမှာ အကူအညီပေးနေပြီး မြောက်ကိုရီးယားက Hareware ပိုင်းမှာ အကူအညီပေးနေတယ်လို့အတည်ပြုခဲ့တယ်လို့ မစ်ချယ်ချန်းက ပြောခဲ့ပါတယ်။
ဒီလိုသတင်းတွေက မြန်မာနိုင်ငံအပေါ် အမေရိကန်အနေနဲ့အလေးထားအာရုံစိုက်လာအောင် ဆွဲဆောင်ခဲ့တာပဲလို့ ဆိုရမှာပါ။ ၂၀၀၉ ခုနှစ်အတွင်းက မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို စိုးရိမ်မိတယ်လို့ ပထမအကြိမ်ပြောခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာလည်း ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သူမရဲ့ခရီးစဉ်အတွင်း မြန်မာကမြောက်ကိုရီးယားထံမှ လက်နက်နည်းပညာတွေရယူဖို့ အားထုတ်မှုကို စိုးရိမ်ပါကြောင်း ထပ်မံပြောခဲ့ပါသေးတယ်။ ဒါပေမယ့် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်အစိုးရအနေနဲ့ အဓိကအားဖြင့် မြန်မာနိုင်ငံက မြေက်ကိုရီယားမှ ဒုံးကျည်များဝယ်ယူရရှိမှုအတွက် စိုးရိမ်မိသော်လည်း နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးနဲ့ပတ်သက်လို့ မြန်မာ အစိုးရက အားထုတ်မှုတစ်စုံတစ်ရာမတွေ့ရသေးပါကြောင်း ပြောခဲ့ပါတယ်။
၂၀၁၀ ပြည့်လွန်နှစ်တွေမှာတော့ မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်လို့ အစိုးရဆန့်ကျင် ရေးအုပ်စုတွေရဲ့စွပ်စွဲချက်တွေကို တစ်ခါတစ်ရံတော့ တွေ့ရတတ်ပါတယ်။ ဒီလိုသံသယဖြစ်မှုတွေကြားမှာပဲ အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်မှာ သွားရောက်လည်ပတ်ခဲ့ပါသေးတယ်။ မြန်မာအစိုးရကတော့ မြောက်ကိုရီးယားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ ငြင်းခဲ့ပါတယ်။
NLD အစိုးရက ၂၀၁၆ ခုနှစ်မှာအာဏာရလာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ် ရည်မှန်းချက်ကမှေးမှိန်ခဲ့တယ်လို့ ဆိုရမှာပါ။ ၂၀၁၇ ခုနှစ်ကစလို့ မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ်ပိတ်ဆို့မှုဆောင်ရွက်ချက်မှာတောင် ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ ကျွမ်းကျင်သူများရဲ့အစီရင်ခံစာမှာတော့ မြန်မာနဲ့ မြောက်ကိုရီယားအကြား လက်နက်ရောင်းဝယ်မှုက ၂၀၁၇ ခုနှစ်အပြီးမှာလည်း ဆက်ရှိနေသေးတယ်လို့ ဆိုပါတယ်။
◾ နစကအစိုးရလက်ထက် မြန်မာနိုင်ငံ၏ နျူကလီးယားအစီအစဉ်
နစကအစိုးရက ၂၀၂၁ ခုနှစ်မှာ စတင်အုပ်ချုပ်လာတဲ့အချိန်ကစလို့ မြန်မာနဲ့မြောက်ကိုရီယား နှစ်နိုင်ငံဆက်ဆံရေးက ပြန်လည်စတင်လာပြန်ပါတယ်။ မြန်မာအစိုးရက မြေက်ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ခန့်အပ်တာဝန်ပေးပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်စတင်လာပါတယ်။ နစက အစိုးရလက်ထက်မှာလည်း မြန်မာ နိုင်ငံအနေနဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့က နျူကလီးယားစွမ်းဆောင်နိုင်ရည်တွေရရှိဖို့ ကြိုးပမ်းခဲ့တာကြောင့် မြန်မာအစိုးရရဲ့ နျူကလီးယားစွမ်းရည်ကို ငြိမ်းချမ်းစွာသာအသုံးပြုမည်လို့ ကတိပေးချက်ကို သံသယစိတ်တွေ ဝင်ခဲ့ကြပါတယ်။
လက်ရှိမှာကလည်း မြန်မာအစိုးရအနေနဲ့ ယူရေနီယမ် အားဖြည့်သန့်စင်မှုလုပ်ငန်းစဉ်အတွက် ဆောင်ရွက်နိုင်စွမ်းရည်တွေ ရရှိထားပြီးပြီလားဆိုတာ မသေချာသေးပါဘူး။မြန်မာအစိုးရအနေနဲ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတာလို့ဆိုပါတယ်။ ဒါပေမယ့် ဆိုဗီယက်က တည်ဆောက်ပေးခဲ့တဲ့ သုတေသနဓာတ်ပေါင်းဖိုကိုအခြေပြုပြီး မြောက်ကိုရီးယားက နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့အဆင့်အထိရောက်လာတာကို မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်အပေါ် သတိကြီးစွာစောင့်ကြည့်ပြီး မြန်မာအနေနဲ့ မြောက်ကိုရီးယားလို နျူလက်နက်ပိုင်ဆိုင်တဲ့အဆင့်ထိရောက်မလာဖို့ သတိကြီးစွာစောင့်ကြည့်ရမယ်လို့ သုံးသပ်လိုပါတယ်။
Ref-The Diplomat