October 20, 2024

၈.၃ .၂၀၂၄
Written by Hey Mar

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့ မြို့တွင်းလမ်းမကြီးပေါ်မှာ ဘိလပ်မြေတင်ကားတစ်စီး တိမ်းမှောက်ကာ တစ်ဦး နေရာတင်သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဥ် မတ်လ ၇ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းဖြစ်တဲ့ ဓမ္မပါလ လူမှုကူညီရေးအသင်းနဲ့ ပါရမီ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ပုသိမ်ကနေ ချောင်းသာကို ပြန်တဲ့ ကုန်ကားပေါ် ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပြင်၊ အမျိုးသား၊အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်တဲ့ လူ ၁၂ ဦးခန့်ကို လမ်းကြုံတင်ဆောင်လာခဲ့ရာက တိမ်းမှောက်ကာ အခုလို ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

ပါရမီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့က လမ်းကနေမှ ဝင်လာပူးပေါင်းကူတာဆိုတော့ ဖြစ်စဥ်နေရာတော့ မရောက်လိုက်ပါဘူး။ ဆေးရုံမှာ ဝင်ကူရတာပါ။ ဘိလပ်မြေနဲ့ လူတွေတင်လာတဲ့ ယာဥ်က ဆိုင်ကယ်ကို ရှောင်လိုက်တာမှာ အရှိန်လွန် ဘရိတ်ပေါက်ပြီး လမ်းလယ်ကျွန်းပေါ်တက်သွားရာက တိမ်းမှောက်တာလို့တော့ ကြားသိရပါတယ်” လို့ MT News ကို ပြောပါတယ်။

ဖြစ်စဥ်ကြောင့် ကားပေါ်ပါလာတဲ့ ကလေးအပါအဝင် ၁၅ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိကာ ကလေးငယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာပြင်းထန် (စိုးရိမ်ရ) ရရှိခဲ့တာကြောင့် တာဝန်ရှိသူတွေစုံစမ်းစစ်ဆေးမှုအပြီး၊ အဆိုပါလူနာတွေကို ပုသိမ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရာမှာ ဓမ္မပါလ ပရဟိတအသင်း (ချောင်းသာ )၊ ပါရမီ နာရေးကူညီမှုအသင်း-ချောင်းသာ၊ ချောင်းသာမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့နဲ့ ချောင်းသာမြို့ မီးသက်တပ်ဖွဲ့တို့က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *