October 20, 2024

၇. ၃. ၂၀၂၄
Written by Zaw Moe

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် ဆင်ရေကန်လမ်း၌ အထက်တန်းရှေ့နေတစ်ဦးအား ဓားဖြင့် ခုတ်ခဲ့သည့် တရားခံ ၇ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထို ရှေ့နေအား ဓားနှင့် ခုတ်ခဲ့သည့် တရားခံများမှာ ရန်ကုန်လူမိုက်ဟု နာမည်ထွက်နေသည့် ကျော်ဝင်းစိန်အား သတ်ဖြတ်ခဲ့သူများဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က အထက်တန်းရှေ့နေ ဦးနေလင်းအောင်သည် ကြည့်မြင်တိုင်မြို့နယ်တရားရုံးမှ အမှုစစ်ဆေးပြီး ၎င်းပိုင် 9C-3620 Toyota Celsior မော်တော်ယာဉ်ဖြင့် ပြန်လာစဉ် အလုံမြို့နယ်၊ ဆင်ရေကန်လမ်း အရောက်၌ 4E-7950 Probox ခဲရောင်(ငှား)ယာဉ်က ဘေးမှ ပွတ်တိုက်ပြီး အဆိုပါယာဉ်ပေါ်မှ အမည်မသိလူ ၇ ဦး (စိစစ်ဆဲ) ဆင်းလာကာ သံတုတ်၊ ဓားရှည်များဖြင့် ဝိုင်းဝန်းရိုက်နှက် ခုတ်ထစ်၍ ပြတ်ရှဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး ဦးနေလင်းအောင် ကိုင်ဆောင်သော Infinix Note 13 အမျိုးအစား လက်ကိုင်ဖုန်းနှင့် တန်ဖိုးငွေ ၇ သိန်းကျပ်အား လုယက်ယူဆောင်သွား‌သဖြင့် အရေးယူပေးရန် အထက်တန်းရှေ့နေ ‌ဒေါ်အေးအေးမာမှ တရားလိုပြုလုပ်တိုင်တန်း၍ အလုံမြိုမ ရဲစခန်းတွင် (ပ) ၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅၊ ၃၉၇ ဖြင့်အမှုဖွင့်၍ စုံစမ်းခဲ့သည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် 4E-7950 Probox ခဲရောင်(ငှား) ယာဉ်‌၏ ယာဉ်မောင်းမှာ ကိုရဲ(ခ) ရဲကျော်လင်း ဖြစ်ကြောင်းသိရှိရပြီး ၎င်းအား ဖမ်းဆီးစစ်ဆေး ဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ YGN-13 2E-6732 Toyota Hilux Surf နက်/ပြာရောင် မော်တော်ယာဉ် (၁)စီး၊ YGN-43 3E-5925 Suzuki Swift အပြာရောင် မော်တော်ယာဉ်တစ်စီးတို့ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ပုဗ္ဗာရုံကျောင်းတိုက်ဝင်းအတွင်း၌ ရောက်ရှိတိမ်း‌ရှောင်နေကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်သို့ တင်ပြပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံများဖြစ်သော ငမျိုး(ခ) ကိုမျိုး(ခ) ရဲမျိုးသိန်းပါ (၆)ဦးနှင့်အတူ အခြားအမှုမှ ဆက်စပ်တရားခံ မျိုးမင်းနိုင်(ခ) အရှည်ကြီးပါ ၃ ဦး၊ စုစု‌ပေါင်း ၉ ဦးအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် မော်တော်ယာဉ် ၂ စီး၊ ဓားရှည် ၅ ချောင်း၊ ဓားမြှောင် ၂ ချောင်း၊ လေးခွ ၁ လက်၊ သံကုန်းသီး ၄၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ရဲမျိုးသိန်း (ခ) ငမျိုး၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ဇော်မင်းဦး (ခ) တွတ်ပီတို (၉) ဦးကို တို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက် ညသန်းခေါင်ယံအချိန်တွင် ရန်ကုန်နှင့် မြန်မာပြည်တစ်ခွင်ပါ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည် ညဘက် လမ်းလယ်ခေါင်၌ လူမိုက် ကျော်ဝင်းစိန်ဟု လူသိများသူကို ကြည့်မြင်တိုင်မြိုနယ်၊ ကျောင်းကြီးလမ်း၌ ခြေထောက်နှစ်ချောင်းကဆွဲပြီး အုပ်စုဖွဲ့သတ်ဖြတ်လိုက်သည့် ဖြစ်စဥ်က တရားခံများ ဖြစ်သည်ကိုပါ ဖော်ထုတ်သိရှိခဲ့ရသည်။

ဖမ်းဆီးရမိသူ ငမျိုး(ခ)ကိုမျိုး(ခ) ရဲမျိုးသိန်းသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၂၅/ ၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄၊ ၃၂၃/၁၁၄၊ ဝေဘာဂီနယ်မြေရဲစခန်း(ပ)၅၂၂/၂၀၁၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄ နှင့် ကမာရွတ်မြို့မရဲစခန်း(ပ) ၂၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၂၆/၁၁၄ အမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေသည့်အပြင် ငမျိုး(ခ)ကိုမျိုး(ခ) ရဲမျိုးသိန်း၊ ဥက္ကာနှင့် အောင်ကြီး(ခ)အောင်မြတ်မင်းတို့ (၃)ဦးသည် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၂၀၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုမှ သေဆုံးသူ ဦးကျော်ဝင်းစိန်အား သတ်ဖြတ်ရာတွင် အဓိက ဦးဆောင်သူများဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုများထံမှ စွပ်စွဲခံထားရသူများဖြစ်၍ တရားခံများအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *