October 20, 2024

လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူများ သက်ရောက်မှုမရှိဘဲ ရွှေကို ငွေကြေးအဖြစ် တိုက်ရိုက်အသုံးပြု ဈေးကစားသူများကို ထိန်းကျောင်းရန် လုပ်ဆောင်

၇. ၃. ၂၀၂၄
Written by Ye Kyaw

ရွှေကို အရောင်းအဝယ်ပြုကာစျေးကစားနေသူများကို ဥပ​ဒေကြောင်းအရ ထိရောက်စွာအရေးယူနိုင်ရန်အတွက်
ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုများကို အရေးကြီးကုန်စည်ဥပဒေဖြင့် ထိန်းကျောင်းနိုင်ရေး ဗဟိုဘဏ်က ကြိုးပမ်းနေသော်လည်း ရွှေကို သာမန်ပြည်သူများက လက်ဝတ်ရတနာအဖြစ် ဝယ်ယူမှုအပေါ် သက်ရောက်မှုမရှိဘဲ ရွှေကို ငွေကြေးအသွင် တိုက်ရိုက်အသုံးပြု ဈေးကစားသူများကို ထိန်းကျောင်းရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ရွှေဈေးကွက်တွင် စနစ်တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် ဈေးနှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင်ဆောင်ရွက်နိုင်သည့် ဈေးကွက်ဖော်ဆောင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေဈေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ ကြီးကြပ်အရေး ယူသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ အဖွဲ့ဝင်များ အနေဖြင့် လက်ရှိလုပ်ဆောင်ချက်များ၊ ကြီးကြပ်မှုများကို ပြန် လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံပွဲမှ ပြောကြားမှုများအရ သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်တွင်းပြည်ပ ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ ဈေးကစားမှုများအပေါ် ကြီးကြပ်အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက်အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန် လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအနေဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူနိုင်မည့် နည်းလမ်းများကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၀ ရက်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အရေးကြီးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသည့် ကုန်ပစ္စည်းနှင့် လုပ်ငန်းများအား ရောင်းဝယ်ခြင်း၊ ဝန်ဆောင်မှုပေးခြင်းများ ဆောင်ရွက်ရာတွင် တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်မှုများကို ချိုးဖောက်ပါက ထောင်ဒဏ် ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက် မပိုသောဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

ရွှေသည် ငွေကြေးကဲ့သို့ဖြစ်လာပြီး ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက် ဆက်စပ်မှုရှိနေချိန်တွင် ပြည်တွင်းပြည်ပစျေးကစားရောင်းဝယ်မှုများ ထိန်းချုပ်ရန် ထိုသို့ရောင်းဝယ်မှုများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်းအား နိုင်ငံတိုင်းက လုပ်လေ့လုပ်ထရှိသော ကိစ္စရပ်ဖြစ်ကြောင်း၊ လက်ဝတ်ရတနာအဖြစ် ဝယ်ယူအသုံးပြုနေသူများအတွက် သက်ရောက်မှုမရှိနိုင်သော်လည်း ရွှေကို ငွေကြေးကဲ့သို့ အသုံးပြု လုပ်ဆောင်နေသူများကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

“အရေးကြီးကုန်စည်မှာဆိုရင် အရေးကြီးကုန်စည်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ဒါတွေရဲ့ ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက အသက်ဝင်ပြီးတော့ Law in Force က ဘယ်‌လောက်အထိ လုပ်နိုင်မလဲပေါ့။ ပြည်သူတွေဘက်ကလည်း ဒါကို Use to ဖြစ်လာအောင်၊ နားလည်အောင် ဒါတွေ လုပ်ရဖို့ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့ ပုံမှန်ရောင်းတာ၊ ဝယ်တာကတော့ ပုံမှန်ရောင်းနေ ဝယ်နေတဲ့ လက်ဝတ်ရတနာကိစ္စပေါ့။ ဒါတွေမှာတော့ ထိခိုက်မှုမရှိနိုင်ဘူးလို့ ထင်ပါတယ်။ ရွှေကို ငွေကြေးကဲ့သို့ အသုံးပြုတဲ့ နေရာတွေမှာ သက်ရောက်မှုရှိသွားနိုင်မှာပါ” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက MT News သို့ သုံးသပ်ပြောကြားသည်။

“ရှိလျှင်တန်ဆာ မရှိလျှင်ဝမ်းစာ” ဟူ၍ ရှေးအစဉ်အလာ ယဉ်ကျေးမှုများဖြင့် ရွှေဝယ်ယူသည့် ပြည်သူများအနေဖြင့် ‌မသမာသော ပြည်တွင်းပြည်ပ ရွှေအရောင်းအဝယ်ပြုမှုကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပါက စိုးရိမ်ပူပန်မှုများ ကနဦး ဖြစ်ပေါ်လာမည်မှာ အမှန်ပင်ဖြစ်သော်လည်း ပုံမှန်လက်ဝတ်ရတနာအဖြစ် ဝယ်ယူသူများအနေဖြင့် စိုးရိမ်ရန် မလိုကြောင်းနှင့် ရွှေကို ငွေကြေးအဖြစ် တိုက်ရိုက်အသုံးပြုသူများကို ထိန်းကျောင်းရန်အတွက်သာ ဖြစ်ကြောင်း ၎င်းက အသိပေး ပြောကြားသည်။

“အဓိက ဖြစ်နေတာက ရွှေကို ငွေကြေးကဲ့သို့ တိုက်ရိုက်သုံးစွဲမှု ရှိနေတဲ့ဟာအတွက်က ဒါကတစ်မျိုး၊ ရွှေကို လက်ဝတ်ရတနာပေါ့နော်။  လက်ဝတ်ရတနာလို သုံးစွဲနေတာကတစ်မျိုးပေါ့။ အဲဒီနှစ်ခုကြားထဲမှာလေ အဆင့်ဆင့်ရှိတယ်ဆိုပေမဲ့လည်း ပြည်သူတွေကိုပေါ့နော် လက်ဝတ်ရတနာလို့ ဝယ်တဲ့အချိန်မှာ ငွေကြေးဈေးကွက်ကဲ့သို့ သဘောထားပြီး ဝယ်နေရင်တော့ တိုင်းပြည်က လှုပ်ခတ်နေမှာပဲ။ အဲဒါလေးတစ်ခုကိုတော့ ပြည်သူတွေကိုလည်း ပြောပြချင်ပါတယ်” ဟု ၎င်းက အကြံပြုပြောကြားခဲ့သည်။

ဗဟိုဘဏ်က ကျပ် ၂၀၀၀၀ တန် ငွေစက္ကူများ ယခုလကုန်တွင် ထုတ်ပေးတော့မည်ဖြစ်ကြောင်း ရွှေနှင့်ငွေစျေးဖောင်းပွလိုသူများက စျေးကစား၍ ရွှေစျေးများမြင့်တက်လာခဲ့ပြီး ကမ္ဘာ့ရွှေစျေးကလည်း မတ်လ ၆ ရက် (ယမန်နေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ကျပ် ၂၁၃၀ ခန့်အထိ ခုန်တက်ခဲ့သလို ပြည်တွင်း‌ ရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ အထိ မြင့်တက်လာခဲ့သည်။ ထို့အတူ ယနေ့တွင်လည်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၂၁၅၅ ဒေါ်လာအထိ ထပ်မံမြင့်တက်ခဲ့၍ ပြည်တွင်းရွှေဈေး ကျပ် ၄,၀၂၅,၀၀၀ အထိ ထပ်မံမြင့်တက်ခဲ့သည့်အပြင် ဈေးနှုန်းပြောင်းလဲမှု အချိန်နှင့်အမျှ မြန်ဆန်စွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကမ္ဘာ့ရွှေစျေးမြင့်တက်ချိန် အချိန်နှင့်တစ်ပြေးညီ စျေးနှုန်းမြင့်တက်သော်လည်း ကမ္ဘာ့ရွှေစျေး ကျချိန် ပြန်မကျဘဲ ကောလာဟလအပေါ် အမြတ်ထုတ်ရောင်းဝယ်နေမှုများကို ကြပ်မတ်နိုင်ရန်အတွက် ဗဟိုဘဏ်က ပြည်တွင်းပြည်ပရွှေရောင်းဝယ်မှုအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် ထိန်းကျောင်းနိုင်ရန် ​ကြိုးပမ်းလာခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *