October 20, 2024

၇. ၃. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲလ်ဖီးယားမြို့ အရှေ့ မြောက်ပိုင်းရှိ ဘတ်စ်ကားမှတ်တိုင်မှာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၅ နှစ်ကနေ ၁၇ နှစ်ကြား အထက်တန်းကျောင်းသား အနည်းဆုံး ရှစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ဟာ ကိုးကြိမ်တိုင်တိုင် ပစ်ခတ်ခံခဲ့ရပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပေမဲ့ ကျန်ခုနစ်ဦးက တည်ငြိမ်နေကြောင်း ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လမ်းထောင့်မှာ စောင့်ဆိုင်းနေတဲ့ ကားတစ်စီးပေါ်ကနေ လူသုံးဦး ထွက်လာပြီး ဘတ်စ်ကားပေါ်တက်တော့မဲ့ ဆယ်ကျော်သက်တွေကို အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ သေနတ်ပစ်ခတ်ခံရသူ ရှစ်ဦးဟာ အသက် ၁၅ နှစ်အရွယ် နှစ်ဦး၊ အသက် ၁၆ နှစ်အရွယ် ငါးဦးနှင့် အသက် ၁၇ နှစ်အရွယ် တစ်ဦးတို့ဖြစ်ပြီး အပစ်ခံရသူတွေထဲ မိန်းကလေးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ ဆယ်ကျော်သက်တွေဟာ ခြေထောက်၊ လက်မောင်း၊ ကျောနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းမှာ ရိုက်ကူးမိထားတဲ့ သံသယရှိသူ ၃ ဦးရဲ့ ပုံတွေနဲ့ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာ X မှာ ဖော်ပြခဲ့ပြီး စုံစမ်းရှာဖွေနေကြကာ မြို့တော်ဝန်ကလည်း ပြည်သူတွေ ဘေးကင်းစေဖို့အတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ ဒေသခံတွေကို အာမခံခဲ့ပါတယ်။

အလားတူ တနင်္လာနေ့ကလည်း ဆယ်ကျော်သက်တစ်ဦးသေဆုံးကာ အခြားဆယ်ကျော်သက်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဘတ်စ်ကားပေါ်က အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီ တနင်္လာနေ့ကပစ်ခတ်မှုနဲ့ မနေ့က သေနတ်ပစ်ခတ်မှုက ဆက်စပ်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

Gun Violence Archive ရဲ့ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့က ဖီလာဒဲလ်ဖီးယားမှာ ပစ်ခတ်မှု အပါအဝင် အခုနှစ် ပထမ ၆၆ ရက်အတွင်း အမေရိကန်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုပေါင်း ၇၁ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *