October 20, 2024

၇. ၃. ၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၆၆x ၆၇)ကြား (၃၆)လမ်း၊ ရေနီမြောင်းဘေးရှိ ဝန်ထမ်းအိမ်ရာအဟောင်း အဆောက်အဦတစ်ခု မီးလောင်မှု ဖြစ်ပွားရာက အမျိုးသားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၇ ရက်နေ့လယ် ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဥ်ကို မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရတဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေဆဲလို့ သိရှိရပါတယ်။

မီးလောင်မှု ဖြစ်စဥ်အတွင်း သေဆုံးသူ အမျိုးသားရုပ်အလောင်းကို မြေပြင်အကူအညီအနေနဲ့ သွားရောက်ကောက်ယူခဲ့တဲ့ ရွှေဘုန်းလူငယ် ပရဟိတအသင်းတာဝန်ရှိသူက “ကျန်းမာရေး ဒေသန္တရဝင်းရဲ့ အနောက်ဘက်က ဝန်ထမ်းလိုင်းခန်းအဟောင်း လောင်တာလို့ သိရပါတယ်။ သေဆုံးတဲ့ အမျိုးသားကို မန္တလေးဆေးရုံကြီးက မှတ်ချက်ပေးတာတော့ အသက် ၃၀ ဝန်းကျင်လို့ ပြောတယ်။ အခုအချိန်ထိ ပိုင်ရှင်မပေါ်သေးပါဘူး”လို့ MT News ကို ပြောပါတယ်။

သည်ရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်မှာ မီးဆက်တိုက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မနက်အစောပိုင်းက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ (၇၆)လမ်း၊ (၃x၄)လမ်းကြားမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဖြစ်စဥ်အတွင်းမှာလည်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးခဲ့ကာ မတ်လ ၄ ရက်နေ့ကလည်း ချမ်းမြသာစည်မြို့နယ်၊ (၄၈) လမ်း၊ မနော်ဟရီလမ်းမှာ ဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *