October 21, 2024

၇. ၃. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ပီကန်နီနပ်စ် လူဝင်မှု ကြီးကြပ်ရေးဌာနက ထိမ်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ဒီနေ့ မနက်အစောပိုင်းက နေရပ်ကို ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

ဒီနေ့ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတစ်ဆင့် ပြည်နှင်ဒဏ်ပေးခံရပြီး နေရပ်ပြန်ပို့ခံရသူစုစုပေါင်း ၁၁၈ ဦးရှိရာမှာ မြန်မာနိုင်ငံက ၈၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ကျန်တဲ့ ၃၃ ဦးက အိန္ဒိယနိုင်ငံသားတွေ ဖြစ်ကြပါတယ်။

အရင်က ပိုတီယန်ခရိုင်ရှိ ပီကန်နီနပ်စ် လူဝင်မှုကြီးကြပ်ရေးဌာနမှာ အမျိုးမျိုးသော လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းချိုးဖောက်မှုတွေကြောင့် ထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေကို ထရပ်ကားနှစ်စီး၊ ဗင်ကားနှစ်စီးနဲ့ အားကစားသုံးယာဉ်တစ်စီးတို့နဲ့ ကွာလာလမ်ပူကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

သက်ဆိုင်ရာ သံရုံးတွေဆီက အကူအညီနဲ့ နေရပ်ပြန်ပို့ရေး ကုန်ကျစရိတ်တွေကို ရန်ပုံငွေထောက်ပံ့ပေးခြင်းကြောင့် ထိန်းသိမ်းခံထားရသူတွေဟာ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ ၁၉၆၃ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းအရ ပြစ်မှုတွေအတွက် ပြစ်ဒဏ်တွေ ပြီးဆုံးခဲ့ကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေး ဒါရိုက်တာ Baharuddin Tahis က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ လူဝင်မှုကြီးကြပ်ရေးဌာနက အခုနှစ်အတွင်း ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို နေရပ်ပြန်ပို့ရေး အစီအစဉ် ၄၁ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *