October 21, 2024

၇. ၃. ၂၀၂၄
Written By Thandar

နာမည်ကြီး အနုပညာလောကသားတွေနဲ့ စေတနာရှင် အများအပြားပါဝင် လှူဒါန်းနေတဲ့ “မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာ” ၊ “ ဗိမာန်ရှင် ဘိုးဘွားရိပ်သာ” နဲ့ “Save The Aged” ဘိုးဘွားရိပ်သာတို့ရဲ့ နာမည်ခံပြီးတော့ Tiktok ကနေ လိမ်လည်အလှူခံနေကြတာနဲ့ပတ်သက်ပြီး ရပ်တန်းကမရပ်ရင် ဥပကြောင်းအရအရေးယူမှာဖြစ်တယ်လို့ မီဒီယာတွေကတစ်ဆင့် တရားဝင် သတိပေးရှင်းလင်းပွဲကိုတော့ ယနေ့ မတ်လ ၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ဘုမ္မာ ၁၇ လမ်းရှိ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့ပါတယ်။

“မွန်မြတ်စိတ်ထားဘိုးဘွားရိပ်သာရဲ့ တရား Page မှာ တင်ထားတဲ့ ဘိုးဘွားတွေ ထမင်းစားနေတဲ့ ဗီဒီယိုဖိုင်တွေကိုယူပြီး စာသားမျိုးစုံနဲ့ တင်ပြီး အလှူခံနေတာတွေ့ရတယ်။ အစ်မတွေ့လိုက်တော့ တော်တော်လေး စိတ်မကောင်းဖြစ်ရတယ်။ ကိုယ့်အဘိုးအဘွားပုံနဲ့ကို လူတွေသနားအောင် နည်းမျိုးစုံနဲ့ အလှူခံနေတာပါ။ တော်တော့်ကို ပိပိရိရိနဲ့ လိမ်လည်နေတာပါ။ သူ့ရဲ့အကောင့်မှာဆိုရင် Followers က ၇ သောင်းကျော်ရှိနေပြီ။ Likes ဆိုရင်လည်း ၈သိန်းကျော်ရှိနေပါပြီ။ သူက တကယ့်ကို အစစ်အမှန်လုပ်နေသလိုမျိုး လူတွေကို ယုံအောင် လိမ် လည်နေတာပါ။ အများစုကလည်း ယုံကြည်ပြီး အလှူငွေတွေထည့်တာမျိုးလည်း တွေ့ရတယ်။ သူတင်ထားတဲ့ ဗီဒီယိုဖိုင်တွေအကုန်လုံးက အစ်မတို့ မွန်မြတ်စိတ်ထားဘိုးဘွားရိပ်သာက ဖိုင်တွေပါ။ အဲဒီအတွက်ကြောင့် အစ်မတို့လိုမျိုး အစစ်အမှန်၊ အမှန်တကယ်လုပ်ကိုင်နေတဲ့သူတွေက ထိခိုက်နစ်နာရတဲ့အတွက် အခုလိုမျိုး မီဒီ ယာကတစ်ဆင့် သတိပေးရှင်းလင်းတာပါ”လို့ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာရဲ့ အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက ပြောပါတယ်။

အဆိုပါ လိမ်လည်အလှူခံသူက Sayartaw Ashinzawtika အမည်နဲ့ Tiktok အကောင့်ဖွင့်ပြီး မွန်မြတ်စိတ်ထား တွယ်ရာမဲ့ ဘိုးဘွားရိပ်သာနဲ့ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ရွှေသာလျှောင်းလမ်းမရှိ ဗိမာန်ရှင် ဘိုးဘွားရိပ်သာတို့ရဲ့ Video တွေ ၊ ဓာတ်ပုံတွေကို ယူသုံးပြီးတော့ နည်းလမ်းမျိုးစုံနဲ့ အသုံးပြုပြီး လိမ်လည် အလှူခံနေတာကို တွေ့ရှိရတဲ့အတွက် တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က အလှူရှင်တစ်ယောက်က ဗိမာန်ရှင်က အဘိုးအဘွားတွေကို Tiktok မှာလည်း တွေ့တယ်။ ဘယ်ဟာက အမှန်လဲပြောလို့ ကျွန်မတို့လည်း ဒီအကောင့်ကလိမ်လည်နေတာကို သတိထားမိတာပါ။နောက်ပြီး ကျွန်မတို့ ဘိုးဘွားရိပ်သာတစ်ခုတည်းမဟုတ်ဘူး။ ကြည့်လိုက်တော့ မွန်မြတ်စိတ်ထားနဲ့ Save The Aged လည်း ပါနေတာတွေ့ရတဲ့အတွက် ကျွန်မတို့ အချင်းချင်း ချိတ်ဆက်ပြီး အခုလိုမျိုး အများပြည်သူတွေ သိရှိနိုင်အောင် ပြောကြားရတာပါ။ ဆက်ပြီးတော့လည်း လိမ်လည်နေတဲ့သူကို တရားဥပဒေအရ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်အောင် ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ ဗိမာန်ရှင် ဘိုးဘွား ရိပ်သာရဲ့ အမှုဆောင် ဒေါ်တုတုအောင်က ပြောပါတယ်။

လက်ရှိမှာ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ ဘိုးဘွားရိပ်သာ၊ ဗိမာန်ရှင်ဘိုးဘွားရိပ်သာ နဲ့ Save The Aged ဘိုးဘွားရိပ်သာတို့ရဲ့ တရားဝင် Facebook Page မှာ ဖော်ပြထားတဲ့ ဖုန်းနံပါတ်များကလွဲပြီးတော့ ဘိုးဘွားရိပ်သာကို ငွေလွှဲဖုန်းနံပါတ်တွေမဟုတ်တဲ့ အခြားဖုန်းနံပါတ်တွေကို ငွေလွှဲလှူဒါန်းတာတွေနဲ့ စပ်လျဉ်းပြီး တစ်စုံတစ်ရာ ဖြစ်ပေါ် လာပါက တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်း ဘိုးဘွားရိပ်သာအသီးသီးရဲ့ တာဝန်ရှိသူတွေက အသိပေးအပ်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *