October 21, 2024

၇. ၃. ၂၀၂၄
Written by Pan Ei

ငွေရေးကြေးရေး အဆင်မပြေသူတွေဟာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် ထူးဆန်းတဲ့ အလုပ်တွေကို လုပ်လေ့ရှိပါတယ်။ ဆိုးရွားတဲ့အခြေအနေမှာ တချို့က ပိုက်ဆံရဖို့ လမ်းပေါ်မှာ တောင်းရမ်းစားသောက်ကြပေမဲ့ သူတောင်းစားတစ်ယောက်လို သရုပ်ဆောင်ပြီး စီးပွားရှာနေသူ တစ်ယောက်အကြောင်းကြားမိရင်တော့ အံသြစရာဖြစ်နေစေမှာပါ။

သူ့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုစွမ်းရည်က သူ့အလုပ်မှာ ထူးချွန်စေပြီး အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူဖြစ်နေစေခဲ့သူကတော့ တရုတ်နိုင်ငံက Lu Jingang ဆိုတဲ့ သူတောင်းစားလို ဟန်ဆောင်ပြီး စီးပွားရှာတဲ့ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူဟာ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်က ကျုံမင်ရှန်ဟီဥယျာဉ်ရဲ့ ရှုခင်းသာဧရိယာမှာ တောင်းရမ်းစားသောက်နေတာ ၁၂ နှစ်တောင်ရှိပြီ ဖြစ်ပါတယ်။

အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့ မျက်နှာ၊ ဝမ်းနည်းနေတဲ့ ခွေးကလေးလို မျက်လုံးတွေ၊ နွမ်းလျတဲ့ အဝတ်အစားတွေနဲ့ သူတောင်းစားတစ်ဦးလို တောင်းစားနေတဲ့ သူ့ကို မြင်ရင် တကယ့် သူတောင်းစားတစ်ဦးလို့ ထင်မှတ်စရာဖြစ်နေပြီး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူဟာ ခရီးသွားတွေဆီက ငွေကြေးတွေ ရရှိနေတာပါ။

Time Doctor ရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ ပျမ်းမျှလစဉ်လစာဟာ ယွမ် ၂၉၀၀၀ (မြန်မာငွေ သိန်း ၁၂၀) ဝန်းကျင်ရှိသာရှိပေမဲ့ Lu Jingang ကတော့ တစ်လကို ယွမ် ၇၀,၀၀၀ ( မြန်မာငွေ သိန်း ၃၀၀ နီးပါး) အထိ ဝင်ငွေရှိတာကြောင့် သူဟာ တရုတ်နိုင်ငံမှာ ၀င်ငွေအများဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ တချို့သော အစီရင်ခံစာတွေမှာ သူဟာ တရုတ်နိုင်ငံက အချမ်းသာဆုံး သူတောင်းစားတွေထဲက တစ်ဦးလို့ ဆိုကြပေမဲ့ အမှန်တကယ်တော့ သူက အကျိုးအမြတ်အတွက် တောင်းစားတဲ့ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ဦးသာဖြစ်ပါတယ်။

ထူးဆန်းတယ်လို့ ထင်ရပေမဲ့ သူဟာ ဖျော်ဖြေရေးကို ဝါသနာပါတာကြောင့် ခုလို သူတောင်းစားလို သရုပ်ဆောင်တဲ့ ထူးထူးခြားခြား အသက်မွေးဝမ်းကြောင်းလမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

သူတောင်းစားအဖြစ် Lu Jingang ရဲ့ ဖျော်ဖြေမှုက အင်တာနက်မှာလည်း သူ့ကို အများကြီး အာရုံစိုက်စေခဲ့တဲ့အပြင် Lu ရဲ့ လစဉ် လစာငွေပမာဏဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ အပြင်းအထန်ငြင်းခုံမှုတွေ ဖြစ်ပွားစေခဲ့ပြီး အများစုက သူ့ရဲ့အခြေအနေကို မနာလိုကြောင်းဖော်ပြခဲ့ကြကာ “အလုပ်ကထွက်ပြီး သူတောင်းစားပဲ လုပ်ချင်တယ်” လို့ မှတ်ချက်ပေးသူတွေလည်း ရှိခဲ့ပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *