October 21, 2024

၇. ၃. ၂၀၂၄
Written by Hey Mar

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာခရိုင် ၊ ကသာမြို့၊ နောင်ပိန်းကျေးရွာမှာ ဆင်ဦးစီးအမျိုးသားတစ်ဦးကို သူစီးနေတဲ့ဆင်က အစွယ်နဲ့ ထိုးကာရန်မူလို့ ဝမ်းဗိုက်ပွင့်ထွက် ပြင်းထန်ဒဏ်ရာ ရရှိကာ ညတွင်းချင်း ကသာမြို့ဆေးရုံဆီ တင်ပို့ပေးခဲ့ရတဲ့ ဖြစ်စဉ် မနေ့က မတ်လ ၆ ရက်နေ့ ည ၁၀ နာရီခန့်က ဆောင်ရွက်ပေးခဲ့ရတယ်လို့ ကသာမြို့ကနေ နောင်ပိန်းကျေးရွာဆီကလူနာကို သွားရောက်သယ်ဆောင်ခဲ့တဲ့ သုခကာရီလူမှုကူညီရေးအသင်းတာဝန်ရှိသူ ဆရာတော်က MT News ကို မိန့်ပါတယ်။

ဖြစ်စဉ်မှာ ကသာခရိုင် နောင်ပိန်းကျေးရွာမှာနေထိုင်တဲ့ ဆင်ပိုင် ဆင်ဦးစီး ကိုအောင် အသက် ၂၅ နှစ်ဝန်းကျင်ခန့်က ဆင်ထိန်းနေစဉ် သူစီးနေတဲ့ဆင်က သူ့ကို မုန်ကျကာ အစွယ်နဲ့ထိုးပြီး လွှင့်ပစ်ရန်မူတာလို့ သိရပါတယ်။ အခြားဆင်ထိန်းတချို့နဲ့ ရွာသားတချို့ကလည်း အခင်းဖြစ်နေရာအနီးမှာရှိနေတဲ့အတွက်ကြောင့်သာ ဝိုင်းဝန်းခြောက်ထုတ်ကာ ဆင်ဦးစီး ကိုအောင်ကို ကယ်တင်ကူညီနိုင်ခဲ့တာလို့ သိရပါတယ်။

သုခကာရီလူမှုကူညီရေးအသင်းတာဝန်ရှိ ဆရာတော်က ‘’ သူတို့ဖြစ်ကြတာက နေ့လယ်ခင်းလောက်ကတည်းက ဖြစ်တာ နောင်ပိန်းက နယ်ခံ ပရဟိတနဲ့ ကျေးလက်ကျန်းမာရေးနဲ့က ဗိုက်ကို သေချာစည်းထုပ် ဆေးတွေဘာတွေ ချိတ်ထားပြီး ဒီဘက်က ကားကို အကူအညီတောင်းရတာ။ ဒဏ်ရာက များတယ်။ ကံကောင်းလို့ လူနိုင်လို့သာ အနင်းမခံရ အသက်မသေတာ။ အမှန်က ဒီနေ့ မနက်ထိ စောင့်ကြတာပေါ့လေ။ နယ်မြေက မငြိမ်တော့ သွားရလာရလည်း ခက်တာမို့ နေ့လယ်ကနေ ညနေ လောက်ရောက်တော့ နောက်နေ့ မနက်မှာ ကသာဆေးရုံ ပို့မယ်ဆိုပြီး ထားကြတာမှာ လူနာက ဘယ်လိုမှ နေမရတော့လို့ အားချင်းတွေ ဆောင်ရွက်ရတာ။ ကသာကနေ ဘုန်းကြီးကိုယ်တိုင်ပဲ လူနာတင်ကားမောင်းပြီး ထွက်ခေါ်ရတယ်။ နှစ်ဖက် အဖွဲ့ဆီက လမ်းတောင်းရတာပေါ့ “လို့ MT News ကို မိန့်ပါတယ် ။

အဆိုပါနောင်ပိန်းကျေးရွာမှာ ကသာခရိုင်ထဲမှာရှိတဲ့ လေးရွာအုပ်စုဖြစ်တဲ့ ကာက ၊ မန်စီ၊ မန်လွဲနဲ့ နောင်ပိန်း အုပ်စု လို့ သိရပါတယ်။ နောင်ပိန်းက လမ်းပန်းခက်ခဲတဲ့အတွက် နီးစပ်ရာ ကားနဲ့ လူနာကို တင်ဆောင်ပြီး ပေါမမြိုင် ကျေးရွာမှာ ကသာ -ကျန်တောဘက်ကလာမယ့် သုခကာရီလူမှုကူညီရေးအသင်းကား အလာကို စောင့်ဆိုင်းကာ သယ်ဆောင်ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *