October 22, 2024

၇. ၃. ၂၀၂၄
Written by Hey Mar

ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို စစ်ဘေးရှောင်ဖို့ သွားတဲ့ကားတစ်စီး မတော်တဆ ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ၁၇ ဦးထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် မနေ့က မတ်လ ၆ ရက် နေ့လည် ၁ နာရီဝန်းကျင်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကို သယ်လာတဲ့ ကားဟာ ပုံမှန် ယာဉ်မောင်းအပါ ၁၄ ဦး ၁၅ ဦးသာ လိုက်ပါစီးနင်းနိုင်ပေမယ့် လူ ၁၉ ဦးနဲ့ ဝိတ်အပြည့်ပစ္စည်းတွေလည်း တင်ဆောင်လာတာကြောင့် တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနီးမှာ လမ်းဘေးထိုးကျ တိမ်းမှောက်မှုဖြစ်ခဲ့တာလို့ သိရပါတယ် ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းဖြစ်နေရာမှာတင် Pu Lalhmahruaia (၄၉နှစ်) နှစ်နဲ့ သူ့မိန်းမ Pi Lalnunpari (၄၈နှစ်)ဆိုသူ လင်မယား နှစ်ယောက်သေဆုံးခဲ့ပြီး ကလေး (၅) ဦးအပါဝင် ယာဉ်ပေါ်စီးနင်းလိုက်ပါသူ အားလုံးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို တီးတိန်မြို့ ပြည်သူ့ဆေးရုံဆီ ဒေသခံပရဟိတအသင်းတွေက ဝိုင်းဝန်း ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ (၂) ဦးကိုတော့ ဇာတိဖြစ်တဲ့၊ အိတ်စွပ်ကျေးရွာမှာ ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၉ နာရီက သင်္ဂြိုဟ်ခဲ့ပြီးပြီလို့ သိရပါတယ်။

ကလေးမြို့အတွင်း ဒေသခံတချို့က တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလာမှာကို စိုးရိမ်ကြပြီး နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်ကြသလို အိန္ဒိယနယ်စပ်ဘက်ကိုလည်း ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *