၇. ၃. ၂၀၂၄
Written by Pan Ei
တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီး အဆိုရှင်အဖွဲ့ Aespa ရဲ့ အဖွဲ့ဝင် ကယ်ရီနာဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မင်းသား လီဂျယ်ဝုနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ လူသိရှင်ကြားထွက်ပေါ်လာခဲ့ပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တွေက ကယ်ရီနာကို ‘သစ္စာဖောက်’ လို့ စွပ်စွဲခဲ့ကြရာ သူမက လက်ရေးစာနဲ့တကွ တောင်းပန်ခဲ့ရပါတယ်။
ကယ်ရီနာရဲ့ အချစ်ရေးသတင်းကို သိလိုက်ရပြီးနောက် ပရိသတ်တွေက သူမရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ရှေ့ကို အီလက်ထရွန်းနစ်ကြော်ငြာဘုတ်ပါတဲ့ ထရပ်ကားတွေနဲ့ မကျေနပ်မှုတွေကို ထုတ်ပြခဲ့ကြပါတယ်။ ထရပ်ကားတွေဟာ ထောက်ခံမှု ဒါမှမဟုတ် မကျေနပ်မှုတွေကို ပြသဖို့အတွက် ကေပေါ့ပ်ပရိသတ်တွေ အသုံးပြုလေ့ရှိတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပြီး ကယ်ရီနာကို ပို့ခဲ့တဲ့ ထရပ်ကားပေါ်မှာ “ကယ်ရီနာ ပရိတ်သတ်တွေက မင်းကိုပေးတဲ့အချစ်က မလုံလောက်ဘူးလား။ မင်းပရိသတ်တွေကို သစ္စာဖောက်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ တိုက်ရိုက်တောင်းပန်ပါ။ မဟုတ်ရင် အယ်လ်ဘမ်ရောင်းအားတွေ လျော့ကျသွားပြီး ဖျော်ဖြေပွဲနေရာတွေ လွတ်နေတာကို မင်းတွေ့လိမ့်မယ်” လို့ ဖော်ပြခဲ့တာပါ။
ဒါ့အပြင် Karina ရဲ့ Dating သတင်း သက်ရောက်မှုဟာ အွန်လိုင်းပေါ်ရော ပြင်ပကပရိသတ်တွေ အပေါ်မှာတင်မဟုတ်ဘဲ အေဂျင်စီကိုပါထိခိုက်စေခဲ့ပြီး SM ရဲ့ ကုမ္ပဏီရှယ်ယာတွေပါ ကျဆင်းခဲ့ရပါသေးတယ်။
အဲ့ဒါကြောင့် အသက် ၂၃ နှစ်အရွယ် ကယ်ရီနာက သူမရဲ့ အင်စတာဂရမ်အကောင့်ကတစ်ဆင့် သူမလက်ရေးနဲ့ ရေးသားထားတဲ့ လေးလေးနက်နက်နဲ့ တောင်းပန်ထားတဲ့စာကို တင်ခဲ့ပြီး အဲ့ဒီစာထဲမှာ “မင်းတို့ကို အံ့အားသင့်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ အနာဂတ်မှာ ပိုရင့်ကျက်ပြီး အလုပ်ကြိုးစားတဲ့ဘက်ကို ပြသမယ်လို့ ကတိပေးပါတယ်။” စတဲ့ စာသားတွေပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ တချို့ ပရိသတ်တွေကလည်း ကယ်ရီနာကို နားလည်ပေးခဲ့ကြပြီး “ခံစားချက်အတွက် တောင်းပန်နေစရာ မလိုပါဘူး။ မင်းရဲ့ပျော်ရွှင်မှုအတွက် ငါအမြဲတမ်း အားပေးနေမယ်။ မင်းက ချစ်ခြင်းမေတ္တာ၊ ပံ့ပိုးမှုတွေ၊ ကောင်းတဲ့အရာတွေအားလုံးနဲ့ ထိုက်တန်ပါတယ်” လို့ သူတို့ထဲက တစ်ဦးက မှတ်ချက်ပေးရေးသားခဲ့ပါတယ်။
တောင်ကိုရီးယားက နာမည်ကြီး မင်းသား လီဂျယ်ဝု နဲ့ Aespa ရဲ့ အဖွဲ့ဝင် ကယ်ရီနာ တို့ဟာ ချိန်းတွေ့နေကြပြီလို့ ဖေဖော်ဝါရီလ ၂၇ ရက် မနက်မှာ Dispatch က ဖော်ပြခဲ့အပြီး သူတို့နှစ်ဦးသားရဲ့ အေဂျင်စီတွေကပါ သတင်းတွေကို ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
လီဂျယ်ဝုနဲ့ ကယ်ရီနာ တို့ဟာ ပရိသတ်အချစ်တော် နာမည်ကြီး ကြယ်ပွင့်တွေ ဖြစ်နေကြတာနဲ့အညီ သူတို့ရဲ့ Dating သတင်းက ပရိသတ်တွေအကြား လှုပ်ခတ်မှု ပိုပြင်းထန်ခဲ့တာဖြစ်ပြီး ခုဖြစ်စဉ်ကို ကြည့်ခြင်းအရ ကေပေါ့ပ်အိုင်ဒေါအလုပ်ဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုတွေ၊ အချစ်ရေးသတင်းတွေအတွက် ဖိအားပေးခံရတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။
Ref; The Telegraph