၇. ၃. ၂၀၂၄
Written by Pan Ei
ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တက္ကနတ်ဆိပ်ကမ်းကနေတဆင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ကုန်သွယ်မှုဟာ တနင်္ဂနွေနေ့က ရပ်တန့်သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် မြန်မာနိုင်ငံက တင်သွင်းတဲ့ ပစ္စည်းတချို့ဟာ ပြည်တွင်းဝယ်လိုအား ဖြည့်ဆည်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်မှာ ရာမဒန်ဥပုသ်လမတိုင်မီ ကြက်သွန်နီနဲ့ ဂျင်းအပါအဝင် မရှိမဖြစ် ပစ္စည်းတွေ ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံက သင်္ဘောတွေဟာ တနင်္ဂနွေနေ့ကတည်းက ဆိပ်ကမ်းမှာ ဆိုက်ကပ်ခြင်း မရှိသေးကြောင်း ပုဂ္ဂလိကပိုင် ကုန်းတွင်းဆိပ်ကမ်း အထွေထွေမန်နေဂျာ Jasim Uddin Chowdhury က ပြောကြားခဲ့ပြီး ငါးခြောက်၊ အုန်း၊ ဂျင်း စတာတွေကို သယ်ဆောင်လာတဲ့ နောက်ဆုံးရေယာဉ်ဟာ စနေနေ့က ရောက်ရှိလာခဲ့တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော်က ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစတင်ပြီး မြန်မာနိုင်ငံဘက်ကနေ ကုန်တင်သွင်းမှု လျော့ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
အရင်က ရေခဲရိုက်ငါး၊ ဆားရည်စိမ် ဟင်းသီးဟင်းရွက်၊ ငါးခြောက်၊ ဆန်၊ အုန်းခြောက်၊ ကြက်သွန်နီ၊ ဂျင်းနဲ့ ထင်း စတဲ့ ကုန်စည်တွေပါတဲ့ သင်္ဘော ၁၅ စီးကနေ ၂၂ စီးအထိ ဆိပ်ကမ်းကို နေ့စဉ် ဆိုက်ကပ်လေ့ရှိပေမဲ့ နိုဝင်ဘာလကစပြီး သင်္ဘောအရေအတွက်ဟာ ငါးစင်းကနေ ခုနစ်စင်းအထိ ကျဆင်းသွားခဲ့ပြီး အခုအခါမှာ သွင်းကုန်တွေကို ရပ်ဆိုင်းထားရတယ်လို့ Jasim က ဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်သွင်းတဲ့ လုပ်ငန်းရှင်တွေနဲ့လည်း အခက်တွေ့နေပြီး အခုအချိန်မှာ မောင်တောနဲ့ စစ်တွေမြို့တို့က နိုင်ငံခြား၀ယ်လိုအား မူကြမ်းတွေ လက်ခံရယူတဲ့ ဆိုနာလီဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ် အေဘီဘဏ်တို့ဟာ တယ်လီဖုန်း ဆက်သွယ်ရေး ကွန်ရက်ကို ချိတ်ဆက်အသုံးပြုခွင့် မရှိသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဒေသထွက်ကုန် မလုံလောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအပါအဝင် ကြက်သွန်နီနဲ့ ဂျင်း လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ သွင်းကုန်တွေအပေါ် မှီခိုနေရပါတယ်။
Ref; The Daily Star