၇. ၁၂. ၂၀၂၂
Translated by Htwe Ko Tun
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူရတော့မည်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံအနေနှင့် ၎င်း၏ အလှည့်ကျဥက္ကဋ္ဌသက်တမ်းကာလအတွင်း အဖွဲ့ကြီးအား အားသစ်လောင်းပေးရန်အတွက် မျှော်လင့်ချက်များမြင့်မားစွာ ရှိနေသည်။
သို့ရာတွင် မြန်မာနိုင်ငံနှင့် တောင်တရုတ်ပင်လယ်အရေးကဲ့သို့ အကျပ်အတည်းအခြေအနေများကိုလည်း မလွဲမရှောင်သာဘဲ မဟာဗျူဟာကျသော ဝန်ထုတ်ဝန်ပိုးပြဿနာများအဖြစ် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေးအကဲဖြတ်များက သုံးသပ်ပြောကြားခဲ့ကြသည်။
အင်ဒိုနီးရှားအနေဖြင့် မြန်မာနိုင်ငံအတွင်း အာဏာထိန်းသိမ်းမှုပြီးနောက် အကျပ်အတည်းအခြေအနေနှင့် ယူကရိန်းအား ရုရှားနိုင်ငံ၏ တိုက်ခိုက်မှုကိစ္စရပ်များတွင် သဘောထားကွဲမှုများကြောင့် မကြာခဏဆိုသလိုပင် အားနည်းကာ ညီညွတ်မှုပျက်ပြားနေသည်ဟု ရှုမြင်ကြရသော အာဆီယံအသင်းကြီးနှင့်ပတ်သက်၍လည်း အဖွဲ့ဝင်နိုင်ငံများအတွင်း စည်းလုံးမှုရှိစေရေး ပြန်လည်အားသစ်လောင်းပေးရန် မလွဲမသွေပြုလုပ်ရန်လိုမည်ဖြစ်သည်။
သို့သော် အာဆီယံအနေနှင့် ထိုပြဿနာများကို ကျော်လွှားနိုင်ရန် ယခုအထိမူ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ခြင်းမရှိဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။
မကြာခဏဆိုသလိုပင် အာဆီယံအဖွဲ့ကြီး၏ လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော ခေါင်းဆောင်အဖြစ် သုံးသပ်ခြင်းခံရသော အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒိုက နိုဝင်ဘာလအတွင်း ကျင်းပခဲ့သော အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အင်ဒိုနီးရှားနိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ သက်ဆိုင်သူများအားလုံးပါဝင်မှုနှင့် စီးပွားရေးဆိုင်ရာ အားဖြည့်တင်းပေးမှုတို့အပေါ် အလေးထားကြောင်း ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း အစ္စမေးလ် ဆာဘရီ ရာကော့ က အင်ဒိုနီးရှားနိုင်ငံ၏ သြဇာလွှမ်းမိုးမှုနှင့် အဖွဲ့ဝင်ဆယ်နိုင်ငံနှင့်အတူ ခိုင်မာသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုရှိခြင်းတို့ကြောင့် အာဆီယံနိုင်ငံများ ပါဝင်ပတ်သက်နေသော ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုကောင်းမွန်မည်ဟု မျှော်လင့်ကြောင်း သြဂုတ်လက ပြောခဲ့သည်။
သို့သော် စင်ကာပူနိုင်ငံအခြေစိုက် S. Rajaratnam နိုင်ငံတကာလေ့လာရေးကျောင်းမှ တွဲဖက်လေ့လာရေးအဖွဲ့ဝင် Jefferson Ng က မြန်မာ့နိုင်ငံရေးအကျပ်အတည်း(သို့မဟုတ်)တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်သိက္ခာစည်းမျဉ်းတို့နှင့် ဆက်စပ်နေသောပြဿနာများကို ကျော်လွှားဖြေရှင်းနိုင်ရန်ဆိုသည်မှာ မျှော်လင့်ရန်ခက်ခဲလိမ့်မည်ဟု ပြောခဲ့သည်။ ၎င်းက အာဆီယံ၏စုပေါင်းတွေ့ကြုံနေရသော ပြဿနာများက သိသာလှကြောင်းလည်းပြောခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်က ၂၀၂၁ ခုနှစ်တွင်အာဏာထိန်းသိမ်းမှုပြုခဲ့ပြီးနောက် အာဆီယံက မြန်မာ့ တပ်မတော်အနေနှင့် အရပ်သားများကို အကြမ်းဖက်သည်ဟု စွပ်စွဲကာ ပြဿနာတွင်ပါဝင်ပတ်သက်နေသူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုခဲ့သည်။ သို့သော် မြန်မာအစိုးရကလည်း ထို တောင်းဆိုမှုကို မလိုက်လျောခဲ့ပေ။
အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံခေါင်းဆောင်များက အချက်ငါးချက်ပါ ငြိမ်းချမ်းရေးစီမံချက် အကောင်အထည်ဖေါ်ရေးအပေါ် နောက်ဆုံးဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့ပြန်သည်။ သို့သော် Jefferso Ng က အများသဘောတူဆန္ဒကြေညာချက်ဟုလည်းခေါ်သည့် ထိုဆုံးဖြတ်ချက်က မြန်မာ့တပ်မတော်အစိုးရ၏ ပူးပေါင်းပါဝင်မှု မရှိဘဲတိုးတက်မှုရှိလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
၎င်းက “ဒီကိစ္စမှာ ကျွန်တော်အကောင်းဘက်က ကြည့်မြင်ပြောရရင် မြန်မာအစိုးရအနေနဲ့ ပြဿနာကိုဖြေရှင်းဖို့ ဒေသဆိုင်ရာ အားထုတ်မှုတွေကိုတော့ ကဖျက်ယဖျက်လုပ်မှာမဟုတ်ဘူးလို့ဘဲ ဆိုပါရစေ” ဟုပြောခဲ့သည်။
ထို့ပြင် Jefferso Ng က ၂၀၂၃ ခုနှစ်တွင် ပြန်လည်စတင်မည့် တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ် သိက္ခာစည်းမျဉ်းပိုင်းဆိုင်ရာပြဿနာများအတွက် ညှိနှိုင်းဆွေးနွေးပွဲများနှင့်ပတ်သက်၍ ထိုဆွေးနွေးပွဲများက ဆက်စပ်နေသော ဥပဒေပိုင်းဆိုင်ရာ အဆင့်အတန်းနှင့် ရရှိမည့်သဘောတူညီချက်၏ ပထဝီပိုင်းဆိုင်ရာ နယ်ပယ်တို့က ပြဿနာ၏ အဓိကအရေးအကြီးဆုံးအဖြစ်ပြောခဲ့သည်။ ၎င်းတို့ကအခြေခံအားဖြင့် ကွဲပြားခြားနားသော စတင်မှုတို့ကို အရင်းခံဖြစ်ပျက်လာကြကြောင်းလည်း Jefferso Ng က ဆက်လက်ပြောခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က တောင်တရုတ် ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့်အငြင်းပွားနေသော နိုင်ငံများဖြစ်ကြသည်။
တရုတ်နိုင်ငံအစိုးရကလည်း သယံဇာတပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်၏ ကြီးမားသောအစိတ်အပိုင်းအား ၎င်းကပိုင်ဆိုင်သည်ဟု ပြောဆိုထားသည်။ အာဆီယံနိုင်ငံအများစုက တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်ခြင်းကို လိုလားကြသော်လည်း တရုတ်အစိုးရက ငြင်းဆိုထားသည်။
လိုက်နာရမည့် ကျင့်ဝတ် သိက္ခာစည်းမျဉ်းသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးအတွက် လွှမ်းခြုံခြင်းမပြုနိုင်လျှင် ၎င်းကအဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်း၊ ဥပဒေပိုင်းဆိုင်ရာ အဆင့်အတန်းကို သတ်မှတ်ပြဌာန်းနိုင်ခြင်းမရှိဘဲ ဖြစ်ရလိမ့်မည်ဖြစ်ကြောင်း လေ့လာသူအချို့က ပြောခဲ့ကြသည်။
သို့ရာတွင် တောင်တရုတ်ပင်လယ်အငြင်းပွားမှု၌ ပါဝင်ခြင်းမရှိသော နိုင်ငံလည်းဖြစ်ကာ အာဆီယံအဖွဲ့အတွင်း မဟာဗျူဟာအရ အရေးအကြီးဆုံးနိုင်ငံဟုလည်းဆိုရမည့် အင်ဒိုနီးရှားအနေနှင့် ဤကဲ့သို့သော အခက်အခဲအခြေအနေများကြားမှပင်အာဆီယံအဖွဲ့ကြီးအား အားသစ်လောင်းညီညွတ်စေရန် အခွင့်အလမ်းရှိနေသည်ဟု လေ့လာသူများက သုံးသပ်မျှော်လင့်နေကြပေသည်။
Ref, SCMP News