October 20, 2024

၆. ၃. ၂၀၂၄
Written by Ye Kyaw

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ကျပ် ၂၁၃၀ ခန့်အထိ ခုန်တက်ခဲ့၍ ပြည်တွင်း‌ ရွှေဈေးနှုန်းသည်လည်း ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ အထိ မြင့်တက်လာခဲ့ပြီး ဈေးနှုန်းပြောင်းလဲမှုများ မြန်ဆန်နေကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၃ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ ဝန်းကျင်သာရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ တစ်အောင်စလျှင် ဒေါ်လာ ၂၀၃၀ ကျော်သို့ မြင့်တက်ခဲ့ပြီး မတ်လ ၁ ရက်တွင် တစ်အောင်စလျှင် ၂၀၄၆ ဒေါ်လာသို့လည်းကောင်း၊ မတ်လ ၂ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၂၀၈၀ ကျော်အထိ မြင့်တက်ခဲ့သည်။ မတ်လ ၅ ရက်(ယမန်နေ့)တွင် ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၁၂၀ ကျော်အထိ ခုန်တက်ခဲ့ကာ ယနေ့တွင် တစ်အောင်စလျှင် ၂၁၂၇ ဒေါ်လာကျော်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဗဟိုဘဏ်က ကောလာဟလများ ဖြေရှင်းပြီးနောက် ကျပ် ၃၉ သိန်းအောက်သို့ ပြန်ကျခဲ့သည့် ပြည်တွင်း‌ ရွှေဈေးသည် ကမ္ဘာ့‌‌ရွှေဈေး မြင့်တက်နေချိန်ဖြစ်သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျပ် ၃၉ သိန်းသို့ ပြန်လည်မြင့်တက်ခဲ့ရာမှ ဆက်တိုက်မြင့်တက်ခဲ့ပြီး မတ်လ ၆ ရက် (ယနေ့) နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၀၀၈,၀၀၀ အထိ မြင့်တက်ပြီး မွန်းလွဲပိုင်းတွင် ကျပ်သိန်း ၄၀ သို့ ပြန်လည်ကျဆင်းခဲ့ကာ ညနေပိုင်းတွင်မူ ကျပ် ၄,၀၀၈,၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းတွင် ပြည်တွင်းရွှေဈေးနှုန်း သိသိသာမြင့်တက်လာမှုသည် ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်နေမှုကြောင့်သာဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က သုံးသပ် ပြောကြားထားသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်ချိန် လိုက်ပါမြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေး ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းချိန်တွင် ပြန်လည်ကျဆင်းမှု ရှိ/မရှိကိုမူ စောင့်ကြည့်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *