October 20, 2024

၆.၃.၂၀၂၄
Translated by Htwe Ko Tun

ဟေတီနိုင်ငံတွင် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီအား ဖြုတ်ချနိုင်ရေးအတွက် အကြမ်းဖက်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်နေသည့် လက်နက်ကိုင်ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ဂျင်မီ ခီရီဇီယာက ဝန်ကြီးချုပ်အနေဖြင့် ရာထူးမှနုတ်ထွက်မပေးခဲ့လျှင် ပြည်တွင်းစစ်ဖြစ်ပွားကာ မျိုးတုံးသတ်ဖြတ်မှုများဖြစ်ရလိမ့်မည်ဟု မတ်လ ၅ ရက်တွင် သတိပေးပြောကြားခဲ့သည်။

ဟေတီနိုင်ငံတွင် လက်နက်ကိုင်ဒုစရိုက်ဂိုဏ်းများက နိုင်ငံ၏ နေရာအများအပြားကို ထိန်းချုပ်ထားခဲ့ကြပြီး ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဝန်ကြီးချုပ်ပြည်ပသို့ရောက်ရှိနေစဉ် ၎င်းအားဖယ်ရှားရန် တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်လာခဲ့ကြသည်။

ဖေဖော်ဝါရီလအတွင်းတွင် ရာထူးမှနုတ်ထွက်ရေးပြောကြားခံလာခဲ့ရသည့် ဝန်ကြီးချုပ် အေရီယယ် ဟင်နရီမှာ ဒိုမီနီကန်သမ္မတနိုင်ငံက ၎င်း၏လေယာဉ်အားဆင်းသက်ခွင့်ကို ငြင်းဆန်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုပိုင်နက်နယ်မြေတစ်ခုဖြစ်သည့် ပွာတိုရီကိုကျွန်းတွင် ရောက်ရှိနေကြောင်း သတင်းများကဆိုသည်။

အသက် ၄၆ နှစ်ရှိ ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ခီရီဇီယာ က “ ဟင်နရီအနေနဲ့ တကယ်လို့ ရာထူးကနေ နုတ်ထွက်မပေးဘူးဆိုရင်၊ နိုင်ငံတကာ အသိုက်အဝန်းကလည်း သူ့ကို ဆက်လက်ကူညီနေကြမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည်တွင်းစစ်ဆင်နွှဲပြီး မျိုးတုံးသတ်ဖြတ်မှုတွေပါပြုရလိမ့်မယ်” ဟု မြို့တော် ပို့သ်-အော-ပရင့်စ် တွင် သတင်းထောက်များကို ပြောခဲ့ခြင်းဖြစ်သည်။

၎င်းက ဟေတီက နိဗ္ဗာန်ဘုံလား၊ ငရဲဖြစ်မလား သိကြရတော့မည်ဖြစ်ကြောင်း၊ ဟိုတယ်ကြီးများတွင် နေထိုင်သော လက်တစ်ဆုပ်စာ ချမ်းသာကြွယ်ဝသူများက အလုပ်သမားလူတန်းစား ပြည်သူများ၏ ကံကြမ္မာကိုလည်းဆုံးဖြတ်ရန် အချိန်ကျလာပြီဖြစ်ကြောင်း ပြောခဲ့သေးသည်။

ဒုစရိုက်ဂိုဏ်းများက မြို့တော် ပို့သ်-အော-ပရင့်စ် ၏ နိုင်ငံတကာလေဆိပ်အပြင်ဘက်တွင် ရဲတပ်ဖွဲ့အား မတ်လ ၄ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများနှင့် အလုပ်သမားများ အများအပြားထွက်ပြေးခဲ့ကြရသည်။ လေဆိပ်နှင့် ကျောင်းများ ၊ ဘဏ်များကိုလည်း မတ်လ ၅ ရက်အထိ ပိတ်ထားဆဲဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်း လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းများက နိုင်ငံအတွင်းလုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ကာ အာဏာကိုစိုးမိုးရယူထားပြီး ရွေးကောက်ပွဲများကျင်းပနိုင်ရန် ဝန်ကြီးချုပ် ဟင်နရီအား ရာထူးမှနုတ်ထွက်ရေးတောင်းဆိုနေကြခြင်းဖြစ်သည်။

အစိုးရက အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့်ကို ကြေညာထားပြီး ဒေသတွင်းနိုင်ငံများကလည်း ၎င်းတို့၏သံအရာရှိများအား ဟေတီမှပြန်လည်ရုပ်သိမ်းကာ ၎င်းတို့၏နိုင်ငံသားများကိုလည်း ဟေတီမှထွက်ခွာကြရန် အကြံပြုထားသည်။

Ref- Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *