October 20, 2024

၆.၃.၂၀၂၄.
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားအမျိုးသမီးတစ်ဦးကို အုပ်စု​ဖွဲ့၍ မတရားပြုကျင့်ခဲ့ကြပြီး ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူကိုလည်း တိုက်ခိုက်ခဲ့ကြသူများကို ဖမ်းမိခဲ့ကြောင်း အာဏာပိုင်များက မတ်လ ၅ ရက်တွင် ပြောကြားခဲ့ကြပြီး ထိုအမှုက အိန္ဒိယနိုင်ငံအတွင်း အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ များပြားလာခြင်းကို မီးမောင်းထိုးပြခြင်းဟုလည်း သုံးသပ်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က ထိုအမှုနှင့်ဆက်စပ်နေသူ သုံးဦးကိုဖမ်းမိခဲ့ကြောင်းနှင့် ကျန်လေးဦးကိုလည်း စုံစမ်းရှာဖွေလျက်ရှိကြောင်း မတ်လ ၂ ရက်က ကြေညာခဲ့သည်။ ဒမ်ကာမြို့ ဒုတိယရဲမင်းကြီးက ကျန်လေးဦးကိုလည်း မတ်လ ၅ ရက်တွင် ထပ်မံဖမ်းမိခဲ့ကြောင်း အတည်ပြု‌ပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသွားစုံတွဲက အနောက်ဘင်္ဂလားပြည်နယ်မှ အိမ်နီးချင်း နီပေါနိုင်ငံသို့ ဆိုင်ကယ်ဖြင့် ခရီးသွားစဉ် မတ်လ ၁ ရက်ညက ထိုကဲ့သို့ဖြစ်ပွားခဲ့ခြင်းကို ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပြီး ခရီးသွားစုံတွဲကို ဆေးရုံသို့ပို့ပေးခဲ့ရသည်။အမျိုးသမီးဖြစ်သူက ၎င်းအား ဂိုဏ်းဖွဲ့မတရားပြုကျင့်ခဲ့ကြခြင်းကို ဆရာဝန်သို့ ပြော‌ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ဥပဒေအရ ဓားစာခံစုံတွဲ၏အမည်များနှင့် အခြားအချက်အလက်တစ်စုံတစ်ရာကိုမှ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခြင်းမရှိခဲ့ပေ။ တရားခံများက ဓားစာခံစုံတွဲ၏ဆိုင်ကယ်နောက်မှ မတ်လ ၁ ရက်ညတွင် လိုက်ပါလာခဲ့ပြီးနောက် လည်ပင်းသို့ဓားများဖြင့်ထိုး၍ တိုက်ခိုက်ကာ အမျိုးသမီးကိုမတရားပြုကျင့်ခဲ့ကြခြင်းဟု သိရသည်။

ထိုစုံတွဲက ၎င်းတို့ဖြစ်ရပ်အား မတ်လ ၂ ရက်၌ Instagram လူမှုကွန်ရက်တွင်တင်ခဲ့ကြပြီး စပိန်ဘာသာ ဖြင့်ရေးသားခဲ့ကြကာ အမျိုးသမီးဖြစ်သူက ၎င်းမှာ ဘရာဇီးနိုင်ငံသားဟု ပြောခဲ့ကြောင်းသိရသည်။ အမျိုးသမီး၏ မျက်နှာတွင်ထိခိုက်ပွန်းပဲ့ဒဏ်ရာများရခဲ့သည်ကို လူမှုကွန်ရက်တွင် ပြသခဲ့ကြသည်ဟုလည်း ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အမျိုးသားရာဇဝတ်မှုမှတ်တမ်းများဗျူရိုမှ ပြောကြားချက်အရ နိုင်ငံအတွင်း ၂၀၂၂ ခုနှစ်က မုဒိမ်းမှု ၃၁,၅၁၆ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် တစ်နေ့လျှင် အိန္ဒိယနိုင်ငံ၌ ပျမ်းမျှ မုဒိမ်းမှု ၈၆ မှုဖြစ်ပွားနေကြောင်း သိရသည်။

Ref- CNN

ပုံစာ။ ဆိုင်ကယ်ဖြင့်ကမ္ဘာလှည့်ခရီးသွားသည့်စုံတွဲနှင့် တရားခံသုံးဦးမြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *