October 20, 2024

၆. ၃. ၂၀၂၄
Written by Pan Ei

ကမ္ဘာ့ထိပ်တန်း စီးပွားရေးမဂ္ဂဇင်း CEOWORLD ရဲ့ ၂၀၂၄ ခုနှစ်အတွက် ခွဲခြမ်းစိတ်ဖြာချက်အရ မြန်မာနိုင်ငံက အရှေ့တောင်အာရှမှာ ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အဆိုပါ စစ်တမ်းမှာ နိုင်ငံပေါင်း ၁၄၆ နိုင်ငံက နိုင်ငံတွင်းနေထိုင်သူတွေရဲ့ အကြောင်းအရာတွေနဲ့ ခံစားစေနိုင်တဲ့ အရာတွေအပါအဝင် အမျိုးမျိုးသောကဏ္ဍတွေကို စေ့စေ့စပ်စပ်လေ့လာခဲ့ပြီး ၂၀၂၀ ကနေ ၂၀၂၄ ခုနှစ်အတွင်းက ကိန်းဂဏန်းတွေကို အခြေခံ အဆင့်သတ်မှတ်ထားတဲ့ အရာတွေထဲမှာ တစ်ဦးချင်းစီရဲ့ ဝင်ငွေ၊ လူမှုဖူလုံရေး ထိရောက်မှု၊ ကျန်းမာတဲ့ လူ့သက်တမ်း၊ ဘဝအတွက် လွတ်လပ်စွာရွေးချယ်ခွင့်၊ ရက်ရောမှု၊ အဂတိလိုက်စားမှု စတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ CEOWORLD မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့စာရင်းထဲက အာဆီယံနိုင်ငံ ၉ ခုထဲမှာ ပျော်ရွှင်မှုအနည်းဆုံးအဆင့်မှာ ရှိနေတာဖြစ်ပြီး အမှတ် ၁၀၀ မှာ ၆၈ ဒသမ ၈၄ မှတ်ရရှိခဲ့ကာ ကမ္ဘာ့အဆင့်နဲ့ဆိုရင်တော့ ၁၁၇ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်က CEOWORLD မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ပျော်ရွှင်မှုအများဆုံး နိုင်ငံတွေ စာရင်းမှာတော့ မြန်မာနိုင်ငံက အဆင့် ၁၂၈ ဖြစ်ခဲ့ကာ လေးနှစ်ကြာပြီးနောက်မှာတော့ မြန်မာနိုင်ငံက ၁၁ ဆင့် တက်လာခဲ့တာပါ။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာတော့ ပျော်ရွှင်မှုအများဆုံးက စင်ကာပူဖြစ်ကာ ကမ္ဘာ့အဆင့် ၂၅ ဖြစ်ပြီး အဲ့ဒီနောက်မှာ ကမ္ဘာ့အဆင့်တွေအနေနဲ့က မလေးရှားက အဆင့် ၅၅၊ ထိုင်းကအဆင့် ၆၀၊ ဗီယက်နမ်က အဆင့် ၆၅၊ ဖိလစ်ပိုင်က အဆင့် ၇၆၊ အင်ဒိုနီးရှားက အဆင့် ၈၄၊ လာအိုက အဆင့် ၈၉နဲ့ ကမ္ဘောဒီးယားက အဆင့် ၁၁၅ တို့ဖြစ်ကြပါတယ်။

အဆင့်သတ်မှတ်ချက်တွေအရ ဖင်လန်နိုင်ငံက ၁၀၀ မှာ ၉၅ ဒသမ ၆၇ မှတ်နဲ့ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရပြီး တောင်အာဖရိက,က အက်စဝါတနီနိုင်ငံက ၅၉ ဒသမ ၉၅ မှတ်နဲ့ ကမ္ဘာ့ပျော်ရွှင်မှု အနည်းဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

Ref; Ceoworld Magazine

Leave a Reply

Your email address will not be published. Required fields are marked *