October 20, 2024

၆. ၃. ၂၀၂၄
Written by Pan Ei

ဂျာမနီနိုင်ငံက အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဆေးဘက်ဆိုင်ရာ အကြံပြုချက်တွေကို ဆန့်ကျင်ပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ၂၁၇ ကြိမ် ထိုးခဲ့တယ်လို့ ဆရာဝန်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ အမျိုးသားဟာ ‘ကိုယ်ရေးကိုယ်တာအကြောင်းပြချက်’ အတွက် ကာကွယ်ဆေးအများအပြားကို ထိုးခဲ့တာဖြစ်ပြီး ခုလိုထူးထူးဆန်းဆန်းဖြစ်ရပ်ကို The Lancet Infectious Diseases ဂျာနယ်က မှတ်တမ်းတင်ထားခဲ့သလို သူဟာ ၂၉ လအတွင်း ခုလို များပြားတဲ့ ကာကွယ်ဆေးတွေကို သီးသန့်ဝယ်ယူပြီး အသုံးပြုခဲ့တာပါ။

ဆေးပညာရှင်တွေက သတင်းစာတစ်စောင်ကနေ အဲ့ဒီအမျိုးသားအကြောင်းကို ကြားသိရပြီးနောက် ဆက်သွယ်ကာ အမျိုးမျိုးသော စမ်းသပ်မှုတွေ ခံယူဖို့ သူ့ကို ဖိတ်ခေါ်ခဲ့ပြီး သူကလည်း ဒီလိုလုပ်ဖို့ အရမ်းစိတ်ဝင်စားခဲ့တယ်လို့ အဏုဇီဝဗေဒဌာနမှ ဒေါက်တာ Kilian Schober က ပြောကြားခဲ့ပါတယ်။

အဆိုပါ အမျိုးသားထိုးခဲ့တဲ့ ဆေးတွေမှာ မတူညီတဲ့ ကာကွယ်ဆေး ရှစ်မျိုး ပါဝင်တဲ့ ကာကွယ်ဆေး ၁၃၄ မျိုးကို တရားဝင် အတည်ပြုခဲ့ကြောင်း သုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒေါက်တာ Schober ဟာ ကာကွယ်ဆေးအကြိမ်ကြိမ်ထိုးတာက ခုခံအားစနစ်ကို လှုံ့ဆော်ပေးတဲ့ ဆဲလ်အချို့ကို ပင်ပန်းနွမ်းနယ်စေမှာကို စိုးရိမ်ခဲ့ပေမဲ့ စမ်းသပ်မှုတွေအရ အသက် ၆၂ နှစ်အရွယ် အဆိုပါ အမျိုးသားမှာ ခုခံအားကျဆင်းတဲ့ လက္ခဏာတွေကို မတွေ့ခဲ့ရဘဲ စနစ်တွေက အပြည့်အဝ လုပ်ဆောင်နိုင်စွမ်းရှိနေတာကို တွေ့ခဲ့ရကာ ဘေးထွက်ဆိုးကျိုးမရှိခဲ့ဘူးလို့ Schober က ပြောပါတယ်။

ဒါ့အပြင် ခုလိုထူးထူးခြားခြား လုပ်ရပ်အနေနဲ့ ကာကွယ်ဆေးအကြိမ် ၂၀၀ ကျော် ထိုးထားတဲ့ သူ့မှာ တချို့သော ခုခံအားဆဲလ်တွေနဲ့ Covid-19 (Sars-CoV-2) ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ဆန့်ကျင်ပေးနိုင်တဲ့ပစ္စည်းတွေကလည်း ကာကွယ်ဆေးသုံးမျိုးသာရရှိထားသူတွေနဲ့ နှိုင်းယှဉ်ပါက သိသိသာသာမြင့်မားတဲ့ အဆင့်မှာ ရှိနေပြီး သူ့မှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ဖူးတဲ့ အရိပ်အယောင်မျိုးကိုလည်း မတွေ့ရှိခဲ့ရဖူးလို့ သုတေသီတွေက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ကာကွယ်ဆေး အလွန်အကျွံ ထိုးနှံတာမျိုးကိုတော့ ထောက်ခံမှု မလုပ်နိုင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးက ရောဂါပိုးကူးစက်တာကို မကာကွယ်ပေးနိုင်ပေမဲ့ ခန္ဓာကိုယ်ကို ဘယ်လိုတိုက်ဖျက်ရမလဲဆိုတာ သင်ပေးနိုင်ပါတယ်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *