October 20, 2024

◼️ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ထရန့်နှင့် ဘိုင်ဒန်တို့ ယှဉ်ပြိုင်ကြရန် သေချာသလောက်ရှိလာ

၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဆိုပြုမဲပေးရွေးချယ်ပွဲကို မတ်လ ၅ ရက်က အမေရိကန်ပြည်နယ်များ၌ ဆက်လက်ပြုလုပ်ခဲ့ရာတွင် သမ္မတဟောင်း ထရန့် က ပြည်နယ် ၁၂ ခု၌ထပ်မံအနိုင်ရရှိသွားခဲ့ကာ သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲဝင်ရန် ပို၍ နီးကပ်လာကြောင်း သိရသည်။

မတ်လ ၅ ရက်ည ထွက်ပေါ်လာသောရလဒ်များအရ သမ္မတဟောင်းထရန့်က ဗာဂျီးနီးယား၊ မြောက်ကယ်ရိုလိုင်းနား၊ တန်နက်စီ၊ ဥက္ကလာဟိုးမား၊ မိန်း၊ အာကန်ဆပ်စ်၊ အယ်လ်ဘားမား၊ တက္ကဆက်၊ မင်နက်ဆိုတာ၊ မက်ဆာချူးဆက်၊ ကိုလိုရာဒိုနှင့် ကယ်လီဖိုးနီးယား ပြည်နယ်များတွင် ကျင်းပသော ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းမဲပေးရွေးချယ်ပွဲများတွင် အနိုင်ရသွားခဲ့ကြောင်း သိရသည်။ ပြိုင်ဘက် နစ်ကီး ဟေလီ ကမူ ဗားမောင့် ပြည်နယ်တစ်ခုတွင်သာအနိုင်ရခဲ့သည်။ နစ်ကီးက ဗားမောင့်ပြည်နယ်၌ မဲပေးသူများ၏ ၅၀ ရာခိုင်နှုန်းထောက်ခံမှုရကာ ထရန့်က ၄၆ ရာခိုင်နှုန်းဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။

ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဆိုပြုမဲပေးရွေးချယ်ပွဲများတွင် ပါတီကိုယ်စားလှယ် ၂,၄၂၉ ဦး အနက် အများစုဖြစ်သော ၁,၂၁၅ ဦး၏ ထောက်ခံမဲရရှိရန်လိုအပ်သည်။ မတ်လ ၅ ရက် အထိကျင်းပပြီးစီးခဲ့သော မဲပေးပွဲများ၌ ဒေါ်နယ်ထရန့်က ၈၉၃ ဦး၏ထောက်ခံမှုရထားကာ နစ်ကီးဟေလီက ၆၆ မဲသာ ရရှိထားသေးသည်။

ဒီမိုကရက်ပါတီ၏ သမ္မတလောင်း အဆိုပြုမဲပေးရွေးချယ်ပွဲများတွင်လည်း ပါတီကိုယ်စားလှယ် ၃,၉၃၄ ဦးအနက် အများစုဖြစ်သော ၁,၉၆၈ ဦး၏ထောက်ခံမဲရရှိရန်လိုအပ်ရာ မတ်လ ၅ ရက်အထိ ဂျိုးဘိုင်ဒန်က ၁,၂၈၉ ဦး ထောက်ခံမှုရရှိထားပြီးဖြစ်သည်။

သို့ဖြစ်၍ နိုဝင်ဘာလ အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ထရန့်နှင့် ဘိုင်ဒန်တို့ ယှဉ်ပြိုင်ကြရန် သေချာသလောက်ရှိနေပြီဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *