MT News
Written by Tha Doe
ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူစီးနင်းအသုံးပြုသည့် YBS ခရီးသည်တင်ယာဉ်များပေါ်၌ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကာ Taxi ဖြင့် ထွက်ပြေးတတ်သူ ၆ ဦးအား သက်သေခံယာဥ်နှင့်အတူ ဖမ်းမိခဲ့သည်။
ဖြစ်စဥ်မှာ YBS ယာဉ်များပေါ်၌ ခါးပိုက်နှိုက်မှုကျူးလွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်တပ်ဆင် းထားသည့် TOYOTA Probox အဖြူရောင်အငှားယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်လမ်းနှင့် ခရေပင်လမ်းဆုံ မီးပွိုင့်၊ ခရေပင်လမ်းနှင့် ဒညင်းကုန်းလမ်းဆုံမီးပွိုင့်တို့တွင် အဖွဲ့ငယ်များခွဲကာ သတင်းအရ စောင့်ဆိုင်းလျက်ရှိစဉ် နံနက် ၈ နာရီခွဲအချိန်၌ အဆိုပါယာဉ်အား ပြည်လမ်းနှင့် ခရေပင်လမ်းဆုံမီးပွိုင့်၌ တွေ့ရှိခဲ့သည်။
ထို့နောက် ယာဉ်ပေါ်မှ ယာဉ်မောင်းနှင်သူ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်နေ ဘိုဘိုပြည့်(ခ) ကိုပြည့် (၃၂)နှစ် (ဘ)ဦးမြင့်ဦးနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၁၅)ရပ်ကွက်၊ ပဒုမ္မာလမ်းနေသူများဖြစ်သည့် ကိုကိုအောင်(ခ) ကိုအောင် (၃၂)နှစ် (ဘ) ဦးအောင်ညွန့်၊ စိုးပိုင်(ခ) ဗိုက်ပူ (၂၅)နှစ်၊ (ဘ)ဦးစစ်ငြိမ်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၁၉)ရပ်ကွက်၊ မိုင်းပွန် စော်ဘွားလမ်းနေ ခိုင်မင်းဦး(ခ) ဖိုးသား (၂၁)နှစ် (ဘ) ဦးစိန်မြ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ ထောင်ကျော်ရပ်ကွက်၊ ရွှေစံပါယ်လမ်းနေ ပြည်ဖြိုးကို(ခ) ကုလား (၂၈)နှစ် (ဘ)ဦးမောင်ကို၊ ရွှေပြည်သာမြို့နယ်၊ (၁၄)ရပ်ကွက်၊ ပန်းခြံ (၂၆)၊ အောင်ချမ်းသာလမ်းနေ ညီညီ (၄၂)နှစ်တို့ ၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
တွေ့ရှိဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ ၎င်းတို့ ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ရာမှရရှိခဲ့သည့် အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံ ရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်တို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၆ ဦးသည် ကိုကိုအောင်(ခ) ကိုအောင် ၏ ဦးဆောင်မှုဖြင့် YBS ယာဉ်များပေါ်သို့ တက်ကာ ခရီးသွားပြည်သူများထံမှ ငွေ၊ လက်ကိုင်ဖုန်းနှင့် တန်ဖိုးရှိပစ္စည်းများအား ခါးပိုက်နှိုက်မှုများ ကျူးလွန်ခဲ့ကြကြောင်း၊ ထိုသို့ကျူးလွန်ရာတွင် ညီညီ၊ ခိုင်မင်းဦး(ခ) ဖိုးသားနှင့် ပြည်ဖြိုးကို(ခ) ကုလားတို့မှ လူကာပေးပြီး ကိုကိုအောင်(ခ) ကိုအောင်နှင့် စိုးပိုင် (ခ)ဗိုက်ပူတို့က ခါးပိုက်နှိုက်ယူကာ ဘိုဘိုပြည့်(ခ) ကိုပြည့် မောင်းနှင်သည့် မော်တော်ယာဉ်ဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူတရားခံ (၆) ဦးနှင့် ကျူးလွန်ရာမှ ရရှိသည့် အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံရွေလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေက္ကူရောရာ ၈၀၀၀၀ ကျပ်၊ ၎င်းတို့စီးနင်းအသုံးပြုခဲ့သည့် YGN 3H-4879 TOYOTA Probox တစ်စီးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးမိသူတရားခံ ၆ ဦးအား ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်နေသည်ဟု သိရသည်။